နေပြည်တော် မေ ၁၃
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်ရှိ အင်းပြင်ပျိုးဥယျာဉ် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကလောမြို့ကို ထင်းရှူးမြို့တော် ဖြစ်စေရေးအတွက် အမြင့် ၂ ပေ အထက် ထင်းရှူးပျိုးပင်များ စိုက်ပျိုးသွားရန်နှင့် ပျိုးဥယျာဉ်များတွင် ပျိုးပင်များ ကြိုတင်ပျိုးထောင်သွားရန်၊ အင်းလေးကန် စိမ်းလန်းစိုပြည်ရေးအတွက် အင်းလေးကန် ရေဝေရေလဲဒေသရှိ သစ်တောများကို ထိန်းသိမ်းကာကွယ်ရန်နှင့် ရေဝေရေလဲ သစ်တောစိုက်ခင်းများ တိုးချဲ့တည်ထောင်သွားရန်၊ အင်းလေးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော သဘာဝထိန်းသိမ်းရေးနယ်မြေရှိ ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်၊ တောင်ကြီးမြို့ ရေရရှိရေးအတွက် အရေးပါသော ထီသိမ်ကန်ရေထွက်နှင့်ရေဝေရေလဲ ဧရိယာများအား ထိန်းသိမ်းရန်၊ အင်းလေးကန်နှင့်ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး အထူးအလေးပေးဆောင်ရွက်ရန်၊ ပင်းတယ-ဘော်ဆိုင်း ကားလမ်းဘေးတောင်ကုန်းများ မြေဆီလွှာ တိုက်စားမှုမရှိစေရေး အစီအမံများရေးဆွဲဆောင်ရွက်သွားရန်နှင့် ထင်းရှူးပင်များ တစ်အုပ်တစ်မ စိုက်ပျိုးသွားရန်မှာကြားပြီး ပျိုးဥယျာဉ်အတွင်း ယခုနှစ်တွင် စိုက်ပျိုးမည့်ထင်းရှူးပျိုးပင် (၃၇,၀၀၀) အပါအဝင် ပျိုးပင် (၅၀,၀၀၀) ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၃ ခုနှစ် တွင်စိုက်ပျိုးရန် ထင်းရှူးပျိုးပင် (၁,၅၀၀) ကြိုတင်ပျိုး ထောင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလောမြို့နယ်ရှိ ထင်းရှူးပင်များအား စာရင်းကောက်ယူ၍ နံပါတ်စဉ်ရိုက်ကပ်မှုလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး၊ တောင်လေးလုံးကြိုးဝိုင်း၊ အကွက်အမှတ် (၂၈)ရှိ (၁/၂၀၁၈) စီးပွားရေးထင်းရှူးဧက(၁၀၀) စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တောင်လေးလုံးပျိုးဥယျာဉ်အတွင်း သစ်မျိုးစုံပျိုးပင် (၁၂၀,၀၀၀) ပျိုးထောင်ထားရှိမှုကို လည်းကောင်း၊ အင်းလေးကန်ဘေးမဲ့တော သဘာဝ နယ်မြေအတွင်း ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ အင်းလေးကန်နှင့် ရေဝေရေလဲဒေသ ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် အင်းလေးကန်အတွင်း ရေမှော်နှင့်ဗေဒါများ ရှင်းလင်းနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် အေးသာယာ Green Zone ရှိ သီးနှံ သစ်တောရောနှော စိုက်ပျိုးခြင်းအသွင်ဖြင့် နေကြာနှင့်သစ်မျိုး (၁၈) မျိုး (၄,၈၁၂) ပင် စိုက်ပျိုး ထားသော (၃/၂၀၂၀) သစ်မျိုးစုံ သီးနှံသစ်တော သရုပ်ပြစိုက်ခင်း အောင်မြင်ဖြစ်ထွန်းမှု၊ အပေါ်ယံ မြေဆီလွှာတိုက်စားခြင်းကို ကာကွယ်ရန် ရေလွှဲမြောင်းတူးဖော်ခြင်း၊ နုန်းပို့ချမှု လျှော့ချရန် ကျောက်စီနုန်းထိန်းတမံငယ် တည်ဆောက်ထားမှုနှင့် အေးသာယာ၊ Green Zone ပျိုးဥယျာဉ် အတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့သို့ ရေပေးဝေလျက်ရှိသော ထီသိမ် ကန်ကြိုးဝိုင်းရှိ ထီသိမ်ရေထွက် ထီသိမ်ရေကူရေလှောင်တမံ ရေဝေရေလဲဧရိယာ ထိန်းသိမ်းမှုနှင့် ရေဝေရေလဲ ဧရိယာအတွင်း ၂၀၂၂ ခုနှစ် အပင် (၁,၀၀၀) ကွက်လပ် ဖြည့်စိုက်ပျိုးခြင်း ဆောင်ရွက် ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
သတင်းစဉ်