နေပြည်တော် မေ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၅၀)ရပ်ကွက်နေ နိုင်လင်းထွန်း(ခ) စောနိုင်လင်းထွန်း(ဘ) ဦးလှသောင်းသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ မတ်လအထိ ကာလအတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်း ဆူပူဆန္ဒပြမှုများ၌ ပါဝင်ခဲ့ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများကို ဖြန့်ဝေခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ရာတွင် ပါဝင်ခဲ့ခြင်း၊ ဌာနဆိုင်ရာ အဆောက်အဦများနှင့် လမ်း၊ တံတားများအား မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ- ၅၀(ဈ)အရ ၎င်းအား ၂၀၂၂ ခုနှစ်၊ မေ ၁၁ ရက်တွင် “ထောင်ဒဏ်တစ်သက်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။