နေပြည်တော် မေ ၁၁
ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၆)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စားသုံးသူ ဘေးကင်းလုံခြုံရေး၊ ဓာတ်ကြွင်း ကန့်သတ်ချက်များနှင့် ညီညွတ်သည့် ဈေးကွက်ဝင် ပို့ကုန်ဖြစ်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်ခြင်း၊ ထုပ်ပိုးသိုလှောင် ခြင်းလုပ်ငန်းများတွင် အရည်အသွေးမီ ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုရန်လိုကြောင်း၊ တင်သွင်းသိုလှောင် ဖြန့်ချိသူ၊ ရောင်းဝယ်ဖောက်ကား သူအားလုံးအနေဖြင့် ပိုးသတ်ဆေးဆိုင်ရာ တည်ဆဲဥပဒေများကို တိကျစွာ လိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပိုးသတ်ဆေး သုံးစွဲသူများအနေဖြင့်လည်း မှတ်ပုံတင်ထားသည့် မြန်မာဘာသာ အညွှန်းစာပါရှိသော ဆေးများကိုသာ သုံးစွဲရန်နှင့် တရားမဝင် ပိုးသတ်ဆေးများနှင့် ပိုးသတ်ဆေး အတုအပများ တိုက်ဖျက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး ပညာပေးဆွေးနွေးခြင်း လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ပိုးသတ်ဆေးမှတ်ပုံတင်ခွင့် လျှောက်ထားလာမှုများအား လုပ်ငန်း တစ်ခုချင်းအလိုက် ရှင်းလင်းတင်ပြပြီး အစည်းအဝေး တက်ရောက်လာကြသူများက အတည်ပြုပေးနိုင်ရေး ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် (၃၆)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးတွင် ပိုးသတ်ဆေး အမျိုးပေါင်း ၂၇၉ မျိုးအား အတည်ပြုပေးနိုင်ရေး ဆွေးနွေး ဆောင်ရွက်ခဲ့ ကြပြီး (၃၅)ကြိမ်မြောက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေး စုစုပေါင်း ၃၈၉၇ မျိုးကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်သည်။
သတင်းစဉ်