နေပြည်တော် မေ ၁၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ပြည်-တောင်ကုတ်-သံတွဲလမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက လက်ရှိအသုံးပြုလျက်ရှိသော စက်ယာဉ်ယန္တရားများ၊ အရေးပေါ်အခြေအနေအတွက် အရန်စုဖွဲ့ထားရှိမှုနှင့် စက်မောင်း၊ စက်ပြင်ဝန်ထမ်းအင်အား ဖြန့်ခွဲတာဝန်ပေးထားမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက စက်ယာဉ်ယန္တရားများပျက်စီးဆုံးရှုံးမှုမရှိစေရေး လုံခြုံရေးအသိရှိစွာဖြင့်ထိန်းသိမ်းရန်၊ လုံခြုံရေးသတိဖြင့် ကြိုတင်စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် အရေးပေါ်အခြေအနေတွင် စက်ယာဉ်ယန္တရားများ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းနိုင်ရေးဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ လမ်းအထူးအဖွဲ့ (၁၈) ရှင်းလင်းဆောင်သို့ရောက်ရှိကြပြီး ဒုတိယညွှန်ကြားရေးမှူးဦးရဲမင်းမောင်က ပြည်-တောင်ကုတ်-သံတွဲလမ်းပိုင်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ လမ်းအထူးအဖွဲ့(၁၅)မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇော်က ပြည်-တောင်ကုတ်လမ်း (ပြည်-ကျွဲလေးအပိုင်း) ဆောင်ရွက်နေမှုကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက မိုးတွင်းကာလလုပ်ငန်းဆောင်ရွက်ရာတွင် မြေပြိုမှုများကြောင့် ခရီးသွားလာမှုနှောင့်နှေးကြန့်ကြာမည့်အခြေအနေများကို ကြိုတင်မြော်တွေးဆောင်ရွက်ရန်၊ အရည်အသွေးစံချိန်စံညွှန်းပြည့်မီရေးနှင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်မြို့ နဝင်း-ဇရစ် ချောင်-ကျောက်အိုးလေး လမ်းပေါ်ရှိ နဝင်းချောင်းတံတား အမှတ် (၃/၁)နှင့် ဧရာဝတီတံတား (သရက်-အောင်လံ) တည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့သွားရောက်ပြီး တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဧရာဝတီတံတား (သရက်-အောင်လံ)တည်ဆောက်ရေးစီမံကိန်းအား ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများက တံတားဆိုင်ရာအချက်အလက်များနှင့် တံတားတည်ဆောက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ခွင့်ပြုဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးလုပ်ငန်းများ၊ လက်ရှိဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များတွင် မြေယာလျော်ကြေးပေးချေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးတို့ကို အလေးထား ဆောင်ရွက်ရန်မှာကြားပြီး ရန်ကုန်-ပြည်-မကွေးလမ်းတစ်လျှောက် လမ်းအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့သည်။
သတင်းစဉ်