Skip to main content

တရားမဝင် သစ်မျိုးစုံ၊ မော်တော်ယာဉ်များ၊ အထည်အလိပ်၊ ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးရမိ

နေပြည်တော် မေ ၁၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အမှတ်(၆) မှုခင်းရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ဦးဆောင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်အတွင်း တရားမဝင်ကျွန်းတံခါးချပ်နှင့် ကျွန်းတံခါးအပိုင်းအစများ ၁ ဒသမ ၃၈၈၄ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၁၆၅၂၀) နှင့် အဆိုပါသစ်များတင်ဆောင်လာသည့် Toyota Wish အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး‌ငွေကျပ် ၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ မေ ၇ ရက်တွင် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က လှည်းကူးမြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသားဆိုက်စုံ ၁ ဒသမ ၅၇၁၆ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၇၁၄၈၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် ISUZU အမျိုးအစားမော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀)ကို လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၈၈၈၀၀၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

တရားမဝင်သစ်မျိုးစုံဖမ်းမိ

အလားတူ မေ ၇ ရက်တွင် ရခိုင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် စစ်တွေမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၁၁ ဒသမ ၂၆၀၈ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၈၈၉၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

စားသောက်ကုန်များဖမ်းမိ

ထို့ပြင် မေ ၉ ရက်တွင်အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် အပြည်ပြည်ဆိုင်ရာလေဆိပ်ကုန်လှောင်ရုံ၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အလှကုန်ပစ္စည်းများ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀၈၆၁၃)ကိုလည်းကောင်း၊ မွန်ပြည်နယ် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံမြို့မှပဲခူးမြို့သို့ သွားရောက်မည့် ခရီးသည်တင်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာတင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်များ (ခန့်မှန်း တန်‌ဖိုးငွေကျပ် ၁၀၇၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၃၇၈၆၁၃ ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဧရာဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်‌‌ဆေးမှုများဆောင်ရွက်ခဲ့ရာ ကြံခင်းမြို့နယ်အတွင်း တရားမဝင်ကျွန်းခွဲသား ၀ ဒသမ ၂၇၁ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၃၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ပို့ကုန်သွင်းကုန်ဥပဒေအရအရေးယူ

၎င်းအပြင်မေ၁၀ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ကိုင်းမြို့နယ်နှင့် တမူးမြို့နယ်တို့အတွင်း တရားမဝင်ကျွန်းသစ်နှင့် ကညင်သစ် ၉ ဒသမ ၆၃၀၀တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၉၅၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့နယ်အတွင်း တရားဝင်စာရွက်စာတမ်းအထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အထည်အလိပ်၊ ဆေးဝါး၊ လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၀၈၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၃၆၉၅၇၅၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

တရားမဝင်သစ်ဖမ်းမိ

အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့် တိုင်း‌ဒေသကြီးသစ်တောဦးစီးဌာနဦးဆောင်သော စစ်‌ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင် ဖြူးမြို့နယ်နှင့် အုတ်တွင်းမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ ၆ ဒသမ ၉၃၆၀ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၀၄၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ‌ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မေ ၆ ရက်၊ ၇ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၆ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၄၉၄၇၀၉)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်