Skip to main content

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် မေ ၉

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအရာရှိကြီးများ၊ ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနအဖွဲ့အစည်း (၃၆)ခုမှ သင်တန်သား/သင်တန်းသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံတော်၏ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ် ကျင့်သုံးဆောင်ရွက်ရာတွင် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး ယခုသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ ရငွေ၊ သုံးငွေများကို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု စီမံကိန်းများကို ချမှတ်ရေးဆွဲ အကောင်အထည်ဖော်ရာတွင် စီမံကိန်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်ရေးဆွဲခြင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန်၊ စီမံကိန်းလျာထားချက်များအတိုင်း ပြည့်ဝစွာ အကောင်အထည်ဖော်နိုင်စေရန်၊ စီမံခန့်ခွဲမှု အားနည်းချက်များကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်၊ စီမံကိန်းနှင့် ဘတ်ဂျက်အကောင်အထည်ဖော်မှု အစီရင်ခံစာများကို စနစ်တကျ တင်ပြနိုင်စေရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ စာရင်းစစ်ဆေးခံယူမှုများ စနစ်တကျရှိစေရန် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို တည်ဆောက်နိုင်မှသာ နိုင်ငံတော်အတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ကို ရရှိနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်းကို အစိုးရဌာနများနှင့် အဖွဲ့အစည်းများအတွင်း ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို တည်ထောင်ကျင့်သုံးနိုင်ရေးအတွက် စွမ်းရည်ပြည့်ဝသော နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သည့်သင်တန်းသို့ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဆိုင်ရာတာဝန်ခံ ညွှန်ကြားရေးမှူးအဆင့် အရာထမ်း စုစုပေါင်း (၃၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (Public Finance Management Academy – PFM Academy) ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကာ သင်တန်းကျောင်း စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း (၃)ခုနှင့် အထူးကာလတို သင်တန်း (၃၈) ခု ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား/သင်တန်း သူစုစုပေါင်း (၂၀၆၁) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)