တောင်ကြီး မေ ၂
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ အကွက်အမှတ် (၂၂/ ခပေါင်းရေကြည်ရပ်ကွက်)၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာစင်တာနှင့် သက်မွေးပညာ သင်တန်းကျောင်း မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား အေးသာယာမြို့ရှိ လီဆူခန်းမ၌ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းပိုင်းဆိုင်ရာများ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဆောက်အအုံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသော ညွှန်ကြားချက် လုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်သည့် ကာလအတွင်း အချိန်မီပြီးစီးအောင် တည်ဆောက်ရေး၊ သတ်မှတ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ ကိုက်ညီမှုရှိရေး၊ ငွေကြေးသုံးစွဲမှုတွင် သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ရေး၊ ကျန်းမာရေးအတွက် လိုအပ်သည့် အခန်းသတ်မှတ် လျာထားပေးရေး မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဆောက်အအုံ တည်ဆောက်မည့် မြေနေရာကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ယခုဆောက်လုပ်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာနှင့် သက်မွေးပညာသင်တန်းစင်တာ (Center of Vocational Training and Ethnic Community Affairs Shan State) စီမံကိန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ခြင်းဖြစ်ကာ စီမံကိန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်ပြီး သက်မွေးပညာသင်တန်းကျောင်းကို ၁၄၇ ပေ x ၅၀ ပေ နှစ်ထပ်ဆောင်အဆောက်အအုံ၊ Workshop အဆောက်အအုံ ပေ ၄၀ x ပေ ၆၀၊ အားကစား လေ့ကျင့်ရေးကွင်း ပေ ၈၀ x ပေ ၈၀ နှင့် ကားရပ်နားရန်နေရာ ပေ ၁၅၀ x ပေ ၃၀ တို့ တည်ဆောက်သွားမည်ဖြစ်သည်။
သင်တန်းကျောင်းအဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက ပန်းရံ၊ လက်သမား၊ သံချည်သံကွေး၊ ကွန်ပျူတာ၊ လျှပ်စစ်စက်မှု၊ အထည်ချုပ်၊ မော်တော်ယာဉ်၊ ဆိုင်ကယ်၊ အဲယားကွန်း၊ ဂဟေလုပ်ငန်းနှင့် ဖုန်းပြုပြင်ရေးလုပ်ငန်း၊ အင်္ဂလိပ်စာ စသည့် သင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားများအတွက် လူမှုဘဝမြှင့်တင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်