Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး မြစ်ကြီးနားမြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ဆရာ ဆရာမများနှင့် တွေ့ဆုံ

နေပြည်တော် မေ ၂

အသက်မွေးဝမ်းကျောင်းပညာရပ် လေ့လာလိုသူ လူငယ်များအတွက် စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် မွေးမြူရေး ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အဆင့်မြင့်ပညာရပ် ဆက်လက်သင်ယူလိုသူများအတွက် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူသင်တန်းများအထိ ပေါင်းကူး တက်ရောက်နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေးပြီးဖြစ်ရာ ဆရာ ဆရာမများအနေဖြင့် အနာဂတ်လယ်ယာကဏ္ဍအတွက် အားထားရမည့် မျိုးဆက်သစ်လူငယ်များအဖြစ် လေ့ကျင့်သင်ကြား မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း မေ (၁)ရက် နံနက်ပိုင်းက မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်း အစည်းအဝေးခန်းမ၌ စိုက်ပျိုးရေးသိပ္ပံ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးနှင့်အတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြစ်ကြီးနား စိုက်ပျိုးရေးသိပ္ပံကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ တက်ရောက်ကြပြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် ကျောင်းအုပ်ကြီးတို့က စာသင်နှစ်အလိုက် ဖွင့်လှစ်ပို့ချပေးမည့် သင်တန်းများနှင့် ဘာသာရပ်အလိုက် စာတွေ့ လက်တွေ့ သင်ကြားပေးမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက သင်ကြားရေးစနစ်တွင် ဘာသာရပ်အလိုက် အားသာချက် အားနည်းချက်များကို စနစ်တကျ လေ့လာသုံးသပ်ပြီး လိုအပ်သည့် ပြုပြင်မှု၊ အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ လက်ရှိဖွင့်လှစ်မည့် စိုက်ပျိုးရေး ဒီပလိုမာသင်တန်းနှင့် တိုးချဲ့ဖွင့်လှစ်မည့် မွေးမြူရေး ဒီပလိုမာသင်တန်းအပြင် ကောလိပ်အဆင့် တိုးမြှင့်သင်ကြားနိုင်ရေးအထိ မျှော်မှန်းပြီးဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေး ဒီပလိုမာသင်တန်းအတွက် စာသင်ဆောင်၊ လက်တွေ့ဆောင်၊ ဓါတ်ခွဲခန်းနှင့် မွေးမြူရေးခြံ တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နန်းကွေ့ စိုက်ပျိုးရေးခြံ၏ ဝဥ စိုက်ပျိုးပွဲသို့ တက်ရောက်အားပေးကြပြီး စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ဝဥ စိုက်ပျိုးပေးခဲ့ကြသည်။ ဝဥ ကို စားသုံးမှုပုံစံအမျိုးမျိုးဖြင့် ပြည်တွင်း ပြည်ပ ဈေးကွက်များ၌ တွင်ကျယ်လျက်ရှိရာ ကချင်ပြည်နယ်အနေဖြင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နိုင်ပါက အိမ်နီးချင်းဈေးကွက်သို့ တင်ပို့ရောင်းချနိုင်သည့် အလားအလာကောင်းသော သီးနှံဖြစ်၍ ဒေသနေတောင်သူများအား မိတ်ဆက်ပေးခြင်းဖြစ်ပြီး ဝဥမျိုးများ ဖူလုံစွာ အသုံးပြုနိုင်ရန်နှင့် လိုအပ်သည့် နည်းပညာများ ကူညီပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် နေ့လယ်ပိုင်းတွင် ငှက်ပျောနှင့် ပြောင်းချဉ်ဖတ် စိုက်ပျိုးထုတ်လုပ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ တာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ ဒေသခံတောင်သူများအတွက် ဈေးကွက်ဝေစုရရှိရေးကို နိုင်ငံတော်အပိုင်းက ဆောင်ရွက်ထားရှိမှုများ၊ တရုတ်နိုင်ငံသို့ ငှက်ပျောတင်ပို့ရာတွင် အပင်ပိုးမွှား ကင်းရှင်းရေးဆိုင်ရာလိုအပ်ချက် သဘောတူစာချုပ်အရ လိုက်နာရမည့် အချက်များ၊ စိုက်ပျိုးမြေများကို တည်ဆဲဥပဒေများနှင့်အညီ အသုံးပြုလုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ်၏ လယ်ယာကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက လက်ရှိအခြေအနေမှ အကောင်းဆုံး အခွင့်အလမ်းကို ဖော်ဆောင်နိုင်မည့် တီထွင်ကြံဆမှုဖြင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ ကချင်ပြည်နယ်တွင် မရှိသေးသည့် စံပြမွေးမြူရေးခြံ ထူထောင်ဆောင်ရွက်ရေးနှင့် စီးပွားဖြစ် လုပ်ကိုင်နိုင်မည့် သီးနှံအမယ်သစ်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်ရန်ကိစ္စရပ်များ၊ မျိုးသန့်မျိုးပွားခြံများ ထူထောင်ဆောင်ရွက်ရေးနှင့် နည်းပညာ ပြန့်ပွားရေးလုပ်ငန်းဆိုင်ရာများ၊ ပူတာအိုဒေသ စားနပ်ရိက္ခာ ဖူလုံရေးနှင့် လယ်ယာစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့တစ်ဖွဲ့ဖြင့် ကွင်းဆင်းလေ့လာပြီး စီမံကိန်းရေးဆွဲ ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်