Skip to main content

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာအကြောင်း သိကောင်းစရာ

ဒေါက်တာနီနီတင့် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

ယနေ့အချိန်အခါတွင် ရာသီဥတုပြောင်းလဲလာမှုများ လျင်မြန်စွာ ဖြစ်ပေါ်လျက်ရှိရာ သဘာဝ အရင်းအမြစ်များ ဆုံးရှုံးမှုကို ရင်ဆိုင် ကြုံတွေ့နေရသောကြောင့် စိုက်ပျိုးရေးထုတ်လုပ်မှုကကို ထိခိုက်စေပါသည်။ အနာဂတ်လူသားတို့၏ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စဉ်ဆက်မပြတ် စိုက်ပျိုး ထုတ်လုပ်မှုကို ရရှိရန် စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းရေးသည် အရေးကြီးလှပါသည်။

ထို့အပြင် ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနေသော ကာလအလွန် ဖြစ်၍ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာမှာ စိုက်ပျိုးရေးလုပ်ငန်းများ၌ အသုံးပြုရသော ဓာတ်မြေဩဇာများ ထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် ဓာတ်မြေဩဇာများ ရှားပါးခြင်း၊ သယ်ယူပို့ဆောင်မှု အခက်အခဲများကြောင့် ဓာတ်မြေဩဇာများ ဈေးနှုန်းမြင့်တက်ခြင်းနှင့် အလွယ်တကူဝယ်ယူ၍မရသော ပြဿနာများနှင့်ရင်ဆိုင်နေရပါသည်။ ရေရှည် တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရန် မြေဆီလွှာ အရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရဓာတ် လုံလောက်စွာ ရရှိရန်မှာ အရေးကြီးလှပါသည်။ အပင်အာဟာရဓာတ် လုံလောက် မျှတစွာရနိုင်မှသာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်နိုင်မည်ဖြစ်သည်။

သို့ဖြစ်ပါ၍ နွားချေးနှင့် သစ်ဆွေးမြေဩဇာများ သုံးစွဲခြင်း၊ သီးနှံ ရိတ်သိမ်းပြီး အပင်အကြွင်းအကျန်များကို မြေသို့ ပြန်လည်ထည့်သွင်း ပေးခြင်းအားဖြင့် မြေဆီလွှာပြုန်းတီးခြင်းနှင့် အပင်အာဟာရဓာတ်များ လျော့နည်းဆုံးရှုံးခြင်းတို့ကို ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

သီးနှံအထွက်နှုန်းများ တည်ငြိမ်တိုးတက်စေရန်နှင့် စိုက်ပျိုးသူ တောင်သူများ အမြတ်အစွန်း ရရှိနိုင်ရန်အတွက် မြေသားဖွဲ့စည်း တည်ဆောက်မှုကို ကောင်းမွန်စေသည့် ထွန်ယက်စိုက်ပျိုးမှုပုံစံနှင့် သီးနှံပင်အကြွင်းအကျန်များ မြေတွင်းသို့ ပြန်လည်ထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်ရန် လိုအပ်လာပါသည်။ ထို့အပြင် အပေါ်ယံမြေသားများ တိုက်စားပျက်စီး ဆုံးရှုံးခြင်းများကို ကာကွယ်ပေးခြင်း၊ သစ်ဆွေး ဓာတ်များ လုံလောက်အောင် ထည့်သွင်းပေးခြင်းနှင့် မြေဆီလွှာအတွင်းရှိ အကျိုးပြုဇီဝ သက်ရှိများနှင့် အပင်အာဟာရဓာတ် လှည့်ပတ်မှုပုံစံ ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းများကိုလည်း အဓိကထား၍ ဆောင်ရွက်သင့်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် သစ်စိမ်းမြေဩဇာ စိုက်ပျိုးခြင်း သည်လည်း နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိပါသည်။

စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းစနစ်များကို ဖြန့်ဝေပေးခြင်း၊ သီးနှံအထွက်တိုးစေမည့် နည်းလမ်းကောင်းများကို လေ့လာသုတေသနပြုခြင်း၊ မျိုးသစ် မျိုးကောင်းများ၊ မြေဆီလွှာနှင့် မြေဩဇာစီမံခန့်ခွဲမှု နည်းလမ်းကောင်းများ သုတေသနပြုခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

သစ်စိမ်းမြေဩဇာဆိုသည်မှာ အကြီးမြန်ဆွေးမြည့်လွယ်၍ ဇီဝဒြပ်ထု (Biomass) အထွက်များများရရှိသော အပင်မျိုးများကို ကြဲပက် စိုက်ပျိုးကာ ထယ်ထိုးမြေမြှုပ်ခြင်း အားဖြင့် မြေဆီလွှာ၏ ရုပ်ဂုဏ် သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိများကို ပြောင်းလဲပေး၍ မြေဆီလွှာ၏ အာဟာရဓာတ်ကို ဖြည့်တင်းပေးသော သဘာဝမြေဩဇာပင် ဖြစ်ပါသည်။

သီးနှံများ မစိုက်ပျိုးမီ (သို့မဟုတ်) သီးနှံရိတ်သိမ်းပြီး ခေတ္တမြေလှပ်ချိန်တွင် အကြီးမြန်သော ပဲမျိုးရင်းဝင် အပင်များကို ကြဲပက်စိုက်ပျိုးထားပြီး ပန်းမပွင့်မီ အချိန်တွင် ထယ်ထိုးမြေမြှုပ်ပေးခြင်းဖြင့် နောက် စိုက်ပျိုးမည့် သီးနှံအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်၊ ဖော့စ် ဖရပ်စ်ဓာတ်၊ ပိုတက်ရှ်ဓာတ်များနှင့် သစ်ဆွေးဓာတ် (Organic Matter) များကို ရရှိစေပါသည်။ ထိုသို့ဆောင်ရွက်ခြင်းကို သစ်စိမ်းမြေဩဇာ ကျွေးခြင်း (Green Manuring) ဟု ခေါ်ဆိုပါသည်။ သစ်စိမ်းမြေဩဇာ အဖြစ် ပဲမျိုးရင်းဝင် အပင်များ ဖြစ်သည့် ပဲလွမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲ စသည်တို့အပြင် ပိုက်ဆံလျှော်၊ ဆူးမဲ့ထိကရုန်း(Mimosa) အစရှိသည် တို့ကို အသုံးပြုနိုင်ပါသည်။ ၎င်းတို့အထဲမှ ယခုအခါ ကျယ်ကျယ် ပြန့်ပြန့်အသုံးပြုလာသော သစ်စိမ်းမြေဩဇာအပင် ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာများကို သုတေသနတွေ့ရှိချက်များနှင့် တကွ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

ပိုက်ဆံလျှော်ပင် သစ်စိမ်းမြေဩဇာ

သစ်စိမ်းမြေဩဇာပင် အမျိုးမျိုးအနက် အပင်အကြီးမြန်၍ စိုက်ပျိုးရအလွယ်ကူဆုံးအပင်သည် ပိုက်ဆံလျှော်ပင် ဖြစ်ပါသည်။ ပိုက်ဆံလျှော်၏ အင်္ဂလိပ်အမည်မှာ Sunnhemp ဖြစ်ပြီး သိပ္ပံအမည်မှာ Crotalaria juncea ဖြစ်ပါသည်။ ပိုက်ဆံလျှော်ပင်သည် အပူပိုင်းနှင့် အပူလျော့ပိုင်းဒေသများအတွက် သစ်စိမ်းမြေဩဇာပင်အဖြစ် လူသိများသော ပဲမျိုးရင်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

အစိုဓာတ်လုံလောက်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို ကောင်းစွာပေါက်ရောက် ရှင်သန်နိုင်သော အပင် ဖြစ်ပါသည်။ လင်းတာ တုံ့ပြန်မှုရှိပြီး နေ့တာရှည်ကာလများ ရရှိပါက ပင်ပိုင်းကြီးထွားမှု ကြာရှည်စေသော အပင်မျိုးဖြစ်ပါသည်။

ပိုက်ဆံလျှော်ပင်အား သစ်စိမ်းမြေဩဇာအဖြစ် စိုက်ပျိုးခြင်း

ပိုက်ဆံလျှော်အား သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုရန် စိုက်ပျိုးမည်ဆိုပါက မျိုးစေ့နှုန်း တစ်ဧကလျှင် ၆ ပြည် မှ ၁၂ ပြည်အထိ အသုံးပြုရန် လိုအပ်ပါသည်။ မျိုးစေ့နှုန်းထား များများသုံးလေ သစ်စိမ်းပမာဏ များများရလေ ဖြစ်ပါသည်။

          -        ပုံမှန်အားဖြင့် စပါးအခြေခံ သီးနှံပုံစံများတွင် လယ်မြေများ၌ မိုးစပါးရိတ်သိမ်းပြီးနောက် ထယ် တစ်စပ်၊ ထွန် တစ်စပ်ဝင်ပြီး မျိုးစေ့ကို ညီညာအောင် ကြဲပက်ရပါသည်။ ထို့နောက် ထွန်တစ်စပ်ဖြင့် ပြန်ဖုံးပေးရပါသည်။ စိုက်ပျိုးပြီး ထယ်ထိုးနစ်မြှုပ်ရမည့်အချိန်သည် အထူးအရေးကြီးပါသည်။

          -        မိုးရေကိုသာ အားကိုးစိုက်ရသော ကုန်းပိုင်းယာမြေများတွင် မိုးသီးနှံ မစိုက်ပျိုးမီ ကြဲပက်စိုက်ပျိုးထားပါက အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း ထယ်ထိုးမြေမြှုပ်‌ပေးရပါသည်။

          -        ပုံမှန်အားဖြင့် လယ်မြေများတွင် မိုးစပါးရိတ်သိမ်းပြီးနောက် နွေသီးနှံ မစိုက်ပျိုးမီ ပိုက်ဆံလျှော်မျိုးစေ့ကြဲပက်၍ အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ရှိပါသည်။

          -        နွေသီးနှံ ရိတ်သိမ်းပြီးနောက် မိုးစပါးမစိုက်ပျိုးမီ ပိုက်ဆံလျှော် မျိုးစေ့ကြဲပက်၍လည်း အပင် ၄၅ ရက်သားမှ ၆၅ ရက်သားအတွင်း သစ်စိမ်းမြေဩဇာအဖြစ် ထယ်ထိုးမြေမြှုပ်ပေးလေ့ ရှိပါသည်။

          -        အခြားနေရာတွင် စိုက်ပျိုးထားပါက သက်တမ်း ၄၅ ရက်မှ ၆၅ ရက်သားအတွင်း ပိုက်ဆံလျှော်ပင်ကို ရိတ်ပြီး လယ်တွင် ချ၍ စပါးမစိုက်ခင် နှစ်ပတ်အလို သမန်းတွင်မြှုပ်၍ ထည့်သွင်း နိုင်ပါသည်။

၂၀၁၄-၂၀၁၅ ခုနှစ်၌ ပိုက်ဆံလျှော်၊ ပဲလွမ်းနှင့် မတ်ပဲတို့၏ အပင် သက်တမ်းအလိုက် ထယ်ထိုးမြေမြှုပ်ခဲ့ရာ မြေတွင်း၌ရရှိသော အာဟာရ ဓာတ်ပါဝင်မှုများကို အောက်ပါအတိုင်း ဓာတ်ခွဲစစ်ဆေးခြင်းရလဒ်အဖြစ် တွေ့ရှိရပါသည်။

သုတေသနမှတ်တမ်းများအရ ပိုက်ဆံလျှော် မျိုးစေ့တစ်ပြည်လျှင် မျိုးစေ့ အရေအတွက် ငါးသောင်းခန့် ပါရှိပြီး တစ်ဧကလျှင် ၁၀ ပြည်နှုန်း ကြဲပက်ပါက မျိုးစေ့ ငါးသိန်းခန့် ရှိမည်ဖြစ်ပါသည်။ ၎င်းမျိုးစေ့များကို ကြဲပက်ပါက အပင်ပေါက်ရာခိုင်နှုန်း ၈၀ ရှိမည်ဆိုလျှင် ပိုက်ဆံလျှော် အပင်ပေါက် လေးသိန်းကျော် ရရှိမည်ဖြစ်ပါသည်။

၂၀၂၁ ခုနှစ် မိုးစပါးမစိုက်မီ စမ်းသပ်တွေ့ရှိချက်မှာ တစ်ဧကလျှင် မျိုးစေ့နှုန်း ၁၀ ပြည်ဖြင့် ရက် ၅၀ သား၌ ထယ်ထိုးမြေမြှုပ်လျှင် တစ်ဧကလျှင် သစ်စိမ်းပမာဏ အစိုချိန် ၁၂ ဒသမ ၅ တန်ထွက်ရှိမှုမှ တစ်ဧကလျှင် နိုက်ထရိုဂျင်ဓာတ်ပမာဏ ၁၃၂ ဒသမ ၅ ပေါင်၊ ဖော့စ် ဖရပ်စ်ဓာတ် ၁၇ ဒသမ ၅ ပေါင်၊ ပိုတက်ဆီယမ်ဓာတ် ၁၅၄ ပေါင်နှင့် ဆာလ်ဖာဓာတ် ၉ ပေါင်ခန့် ရရှိနိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။ (အမြစ်မပါ ကျန်အပင်အစိတ်အပိုင်း၏ နိုက်ထရိုဂျင်ဓာတ် ပါဝင်မှုရာခိုင်နှုန်း (၃ ဒသမ ၀ ရာခိုင်နှုန်း)၊ ဖော့စ်ဖရပ်စ်ဓာတ် ပါဝင်မှုရာခိုင်နှုန်း(၀ ဒသမ ၄၀ ရာခိုင်နှုန်း)၊ ပိုတက်ဆီယမ်ဓာတ် ပါဝင်မှုရာခိုင်နှုန်း (၃ ဒသမ ၄၅ ရာခိုင်နှုန်း) တို့အပေါ်မူတည်၍ တွက်ထားခြင်းဖြစ်ပါသည်။) ဤ တွက်ချက်မှု ပမာဏတို့သည် မြေဆီလွှာအတွင်းရှိ အဏုဇီဝသက်ရှိတို့၏ လှုပ်ရှား ဆောင်ရွက်မှုများ၊ အပင်မှ ရယူနိုင်မှု၊ မြေ၏အပူချိန်နှင့် ရာသီဥတုများ အပေါ်မူတည်၍ အာဟာရဓာတ်ရရှိမှု ကွာခြားနိုင်ပါသည်။

သက်တမ်းကြာလေ ဇီဝဒြပ်ထု (Biomass) အထွက်ပမာဏ ပိုများနိုင်လေ ဖြစ်ပါသည်။ သို့ရာတွင် သက်တမ်းကြာလာသည်နှင့်အမျှ အပင်အစိတ်အပိုင်းများ ပိုမို ရင့်မာလာသဖြင့် ထယ်ထိုးနစ်မြှုပ်ပါက ဆွေးမြည့်ချိန် ပိုမိုကြာနိုင်မည်ဖြစ်ပါသည်။

ထယ်ထိုးနစ်မြှုပ်ထားပြီး ၁၀ ရက်မှ ၁၄ ရက်အကြာတွင် ကောင်းစွာ ဆွေးမြည့်ပြီးမှသာလျှင် နောက်သီးနှံကို စိုက်ပျိုးသင့်ပါသည်။

ပိုက်ဆံလျှော် သစ်စိမ်းစိုက်ပျိုး၍ မြေမြှုပ်ပေးခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။         

(၁)     မြေဆီလွှာအတွင်းရှိ အစိုဓာတ်ကို ထိန်းသိမ်းပေးသည်သာမက သစ်ဆွေးဓာတ်ကိုလည်း တိုးတက်စေကာ မြေသားဖွဲ့စည်းမှုကို လည်း တိုးတက်ကောင်းမွန်စေပါသည်။

(၂)      လေထုထဲမှ နိုက်ထရိုဂျင်ကို ဖမ်းယူပေးသည့်အတွက် မြေဆီလွှာ အတွင်း နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းပေးရာရောက်ပါသည်။

(၃)     မြေဆီလွှာအတွင်းရှိ အပင်အာဟာရဓာတ်များအား မြေအောက်သို့ စိမ့်ဝင်ဆုံးရှုံးခြင်းမှ ကာကွယ်ပေးသည်။

(၄)     မြေဆီလွှာတိုက်စားမှုကို လျော့နည်းစေပြီး အပေါ်ယံမြေလွှာများ ပျက်စီးမှုကို ကာကွယ်ပေးပါသည်။

(၅)     မြေညံ့များတွင် စိုက်ပျိုးပြီး ထွန်ယက်မြေမြှုပ်ပေးပါက မြေဆီ အရည်အသွေးကို တိုးတက်စေပါသည်။

မျိုးစေ့ထုတ် စိုက်ပျိုးခြင်း

ပိုက်ဆံလျှော်ကို မျိုးစေ့ထုတ် စိုက်ပျိုးမည်ဆိုပါက စိုက်ပျိုးသင့် သောအချိန်မှာ ဩဂုတ်လအတွင်း ဖြစ်ပါသည်။ တစ်ဧကလျှင် မျိုးစေ့ ၃-၄ ပြည်နှုန်းဖြင့် အသုံးပြုရပါမည်။ စိုက်ပျိုးရာတွင် တန်းကြား တစ်ပေခွဲခြား၍ ကြွက်မြီးတန်းချ စိုက်ပျိုးရပါသည်။ နှစ်ပတ်သားခန့် တွင် ခြောက်လက်မခြား တစ်ပင်ချန် သားခွဲပေးရန် လိုပါသည်။ ဇန်နဝါရီ၊ ဖေဖော်ဝါရီလများတွင် အသီးတောင့်များ ရိတ်သိမ်းနိုင်ပါသည်။ ရိတ်သိမ်းပြီးနောက် အခြောက်ခံခြွေလှေ့သန့်စင်၍ မျိုးစေ့အဖြစ် အသုံးပြုနိုင်ပါသည်။ တစ်ဧကလျှင် မျိုးစေ့အထွက်နှုန်း ၈ တင်းမှ ၁၀ တင်းခန့် ရရှိနိုင်ပါသည်။ ပိုက်ဆံလျှော်သည် နေ့တာတို အပင်မျိုး ဖြစ်ပြီး နေ့တာအတိုအရှည်အပေါ် မူတည်၍ ပန်းပွင့်ချိန် ကွာခြားနိုင်ပါသည်။ သို့ဖြစ်ပါ၍ တစ်နှစ်လျှင် တစ်ကြိမ်သာလျှင် မျိုးစေ့ထုတ်အဖြစ် စိုက်ပျိုးနိုင်ပါသည်။

ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာပင်များသည် မြေဆီလွှာ၏ အရည်အသွေးကို တိုးတက်စေရုံသာမက ပိုက်ဆံလျှော်ပင်သည် ပေါင်းပင်များပေါ်မှ အုပ်မိုးကြီးထွားလေ့ရှိသဖြင့် ပေါင်းပေါက်ရောက်မှု လျော့ပါးစေခြင်း၊ မြေတွင်းသို့ အခြားသဘာဝမြေဩဇာများ (မြေဆွေး၊ နွားချေး) များ လိုက်လံထည့်ပေးရသည်ထက် လုပ်အားခသက်သာခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျော့နည်းစေကာ ကုန်ကျစရိတ်သက်သာစေခြင်း၊ မြေဆီလွှာတိုက်စားမှုမှ ကာကွယ်ပေးခြင်းစသော အကျိုးကျေးဇူးများ ရရှိစေပါသည်။

အချို့နိုင်ငံများတွင် ပိုက်ဆံလျှော်ကို သစ်စိမ်းမြေဩဇာအဖြစ် သာမက စက္ကူ၊ ကြိုး၊ ပိုက်ကွန်နှင့် ဖျာများ ရက်လုပ်ရန် လျှော်ပင်အဖြစ်လည်း အသုံးပြုကြောင်း လေ့လာတွေ့ရှိရပါသည်။

ထို့ကြောင့် ပိုက်ဆံလျှော်သည် သစ်စိမ်းမြေဩဇာအဖြစ်လည်းကောင်း၊ အခြားအသုံးပြုမှုများအတွက် လည်းကောင်း လွန်စွာအသုံးဝင်သော အပင်ဖြစ်သောကြောင့် စိုက်ပျိုးသူတောင်သူများအတွက် လက်တွေ့ စိုက်ပျိုး အသုံးချနိုင်ပါရန် သုတေသနတွေ့ရှိချက်များကို ကိုးကား၍ ရေးသားဖော်ပြလိုက်ရပါသည်။

ကိုးကား

-        စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မြေဆီလွှာသိပ္ပံသုတေသနဌာနစု ဓာတ်ခွဲစစ်ဆေးခြင်း ရလဒ်အဖြေများ။ (၂၀၁၄-၂၀၁၅, ၂၀၂၀-၂၀၂၁)

-        စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ စိုက်ပျိုးမွေးမြူရေးစနစ် သုတေသနဌာနစု။(၂၀၂၁)

-        https://www.researchgate.net. Sunnhemp in India.