Skip to main content

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် ဧပြီ ၂၉

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးကိုပျက်ပြားစေရန်နှင့်ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့်ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့်ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့်ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၃၃(က)နှင့်တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်း နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင် ကြောင်း၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင်နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လယ်ကျင်းဦးကျေးရွာနေ မင်းသိန်းသည် ၎င်းအသုံးပြုသည့်“Min Thein” Facebookအကောင့်၊ ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်ရွာသစ်ရပ်ကွက်နေ ဆန်းညွန့်သည် ၎င်းအသုံးပြုသည့်“Sann Nyunt”Facebook အကောင့်၊ မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ရပ်ကွက်နေမေအေးဝင်း (ခ)ဂျက်ကလင်းသည် ၎င်းအသုံးပြုသည့် “May Aye Win” Facebook အကောင့်၊ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကပ်ပန်ကျေးရွာနေမောင်စိုးသည် ၎င်းအသုံးပြုသည့် “Mg Soe” Facebook အကောင့်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မြိုင်သာယာရပ်ကွက် နေသူများဖြစ်သည့် ထက်ရာဇနှင့် ဖူးပွင့်ဦးတို့သည် ၎င်းတို့အသုံးပြုသည့် “Htet Yarza” Facebook အကောင့်နှင့် “Phoo Pwint Oo” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက်လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှု အပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း နှင့်ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်