နေပြည်တော် ဧပြီ ၂၈
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဧပြီ ၂၆ ရက် နံနက်ပိုင်းက အဆောက်အဦဦးစီးဌာန အဆောက်အဦ သုတေသနဓာတ်ခွဲခန်းများရုံး (ရန်ကုန်)ကို ကြည့်ရှုစစ်ဆေးပြီး ဓါတ်ခွဲခန်းသုံးပစ္စည်းများ အမြဲကောင်းမွန်ရန်နှင့် ဌာနတွင်း လုပ်ငန်းအတွေ့အကြုံများ နှီးနှောဖလှယ်သည့် Knowledge Sharing Program ဆောင်ရွက်သွားရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၏ ISO / IEC 17025: 2017 ရရှိပြီးဖြစ်သော ဘိလပ်မြေ၊ သဲနှင့် ကွန်ကရစ် Laboratories ခန်းများနှင့် မြန်မာ - ကိုရီးယား ဆောက်လုပ်ရေးပစ္စည်း စမ်းသပ်စစ်ဆေးရေးအဆောက်အဦတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းအခက်အခဲများ ဖြေရှင်းညှိနှိုင်းဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ်နှင့် မြန်မာမြို့ပြနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက လက်ရှိလုပ်ငန်း အတွေ့အကြုံများမှ အိမ်ရာကဏ္ဍတွင် ပိုမိုကောင်းမွန်သော နည်းလမ်းများဖြင့် ခေတ်စနစ်နှင့် ကိုက်ညီသည့် အိမ်ရာများ တည်ဆောက်သွားရန်၊ ရန်ကုန်တိုင်းဒေသကြီး၏ ပြည်သူများ နေထိုင်မှုအဆင်ပြေစေရန်အတွက် အိမ်ရာစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးရန်လိုပါကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အိမ်ရာစီမံကိန်း တည်ဆောက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်