ရန်ကုန် ဧပြီ ၂၆
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းနှင့် သတင်းဆောင်းပါး ပြိုင်ပွဲတွင် သတင်းဆောင်းပါးဆုရရှိသူအား ဆုချီးမြှင့်သည့် အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဧပြီ ၂၆ ရက်က နံနက် ၁၀ နာရီက ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီဝင်များ၊ ဆုရရှိသူ သတင်းသမားတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကာလသည် သတင်းတု သတင်းအမှားများ၊ သတင်းလိမ်များကြောင့် မလိုလားအပ်သော ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိသဖြင့် အဆိုပါ သတင်းတု၊ သတင်း အမှားများကို ချေဖျက်ရန် လိုအပ် သကဲ့သို့ သတင်းအမှန်များကိုသာ ရေးသားဖြန့်ချိသူ သတင်းမီဒီယာ သမားများကိုလည်း ဂုဏ်ပြုထိုက်သည်ဟု ယူဆသဖြင့် “သတင်း နှင့်သတင်းဆောင်းပါးပြိုင်ပွဲ” ကို ကျင်းပ ပေးခဲ့ပါကြောင်း၊ ပြိုင်ပွဲဝင် စည်းကမ်းများကိုလည်း နေ့စဉ် ထုတ်သတင်းစာများတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြေညာ၍ ပြိုင်ပွဲဝင်များဖိတ်ခေါ် ခဲ့ရာ သတင်းနှင့် သတင်းဆောင်းပါး ပုံနှိပ်ပြီးစာမူ ၈၂ စောင် လက်ခံရရှိခဲ့ပါကြောင်း၊ အဆိုပါစာမူများကို ဆုရွေးချယ်ရေး ကော်မတီဖွဲ့စည်း၍ စိစစ်ခဲ့ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသည့် သတင်းနှင့်သတင်း ဆောင်းပါးများထဲမှ သင့်လျော်သည့် သတင်းဆောင်းပါးတစ်ပုဒ်ကိုသာ ဆုချီးမြှင့်ရန်ရွေးချယ် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားသည်။
ယင်းနောက် သတင်းဆောင်းပါး ဆုရွေးချယ်ရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ပြည့်စုံက ရရှိလာသည့် သတင်းနှင့် သတင်းဆောင်းပါးများ အပေါ် စိစစ်ရွေးချယ် ခဲ့မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် “အနာဂတ်မြန်မာ နိုင်ငံကို သားရွှေအိုးထမ်းလာ တာမြင်လိုပါတယ်”နှင့် အခြားသတင်းများဖြင့် အထူးဆုရရှိသူ ဦးကျော်စိန် (ပညာရေး)ကို မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌက ဆုပေးအပ်ပြီးဆုရရှိသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးနှင့် ကျင့်ဝတ်နှင့်အညီ သတင်းမီဒီယာ လုပ်ငန်းများ ဆောင်ရွက်ကြစေရေး တို့အတွက် အလေးထားဆောင်ရွက်ကာ သင်တန်းများဖွင့်လှစ်ခြင်း၊ သတင်းနှင့် သတင်းဆောင်းပါး ပြိုင်ပွဲများ ကျင်းပခြင်းများ ပြုလုပ်ပေးလျက်ရှိနေကြောင်းနှင့် နောင်တွင် လည်း အခါအားလျော်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်