နေပြည်တော် ဧပြီ ၂၆
(၈) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ အစည်း အဝေး (8th SOMRI Working Group on Content and Production Meeting (8th SOMRI WG-CP)) အား ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းနိုင်ငံမှ Video Conferencing စနစ်ဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင် ဦးဆောင်သည့်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ညွှန်ကြားရေးမှူးအဆင့်ရှိ ကိုယ်စားလှယ်များနှင့် အဖွဲ့ဝင်များ၊ ဘရူနိုင်းနိုင်ငံမှ ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာများနှင့် စပ်လျဉ်းသည့် အာဆီယံ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ၊ သတင်းအချက်အလက်နှင့် မီဒီယာ ကဏ္ဍဆိုင်ရာ မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၅) ဆိုင်ရာများ၊ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်း ဆိုင်ရာများ နှင့်စပ်လျဉ်းပြီး အာဆီယံဆွေးနွေးဖက်နိုင်ငံများနှင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ စီမံကိန်းအသစ်များအား ဆွေးနွေးညှိနှိုင်းခြင်းများအပါအဝင် (9th WG-CP) ထပ်မံ၍ အလှည့်ကျကျင်းပမည့် နိုင်ငံရွေးချယ် အတည်ပြုခြင်းတို့ကို ဝိုင်းဝန်းဆွေးနွေးကြသည်။
အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ငန်းအစုအဖွဲ့ အစည်းအဝေး (Working Group on Content and Production (8th SOMRI WG-CP) ) သည် အာဆီယံ ပြန်ကြားရေးအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး (Senior Officials’ Meeting Responsible for Information -SOMRI) မှ ဆုံးဖြတ်ခဲ့သည့် စီမံကိန်းများနှင့် ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းစွာအထောက်အပံ့ပြု နိုင်ရေး၊ သတင်းမီဒီယာ ကဏ္ဍဆိုင်ရာ ရုပ်သံထုတ်လွှင့်မှု အစီအစဉ်များနှင့် လုပ်ငန်းစဉ်များ၊ စီမံကိန်းများအား သုံးသပ် တင်ပြနိုင်ရေး၊ သတင်း မီဒီယာကဏ္ဍ၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်ချက်များ စည်းမျဉ်းချမှတ်ခြင်း၊ နည်းပညာစံသတ်မှတ်ခြင်းနှင့် မူဘောင်သတ်မှတ်ခြင်းများကို အသေးစိတ်လေ့လာ သုံးသပ်ပြီး အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့တင်ပြနိုင်ရေးနှင့် SOMRI မှ သဘောတူ ထားသည့် ပြန်ကြားရေးဆိုင်ရာစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အဓိက ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။
SOMRI Working Group on Content and Production အစည်းအဝေးများအား ဆန္ဒအလျောက် အဆိုပြုသည့်နိုင်ငံမှ ဦးဆောင် ကျင်းပသည့်စနစ်ဖြင့် အနည်းဆုံး တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ်တွင် လာအိုနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်