နေပြည်တော် ဧပြီ ၂၆
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်း အကောင် အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် ဦးဆောင်သော လုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်က မြန်မာနိုင်ငံတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ၁၉၉၇ ခုနှစ်မှ စတင်သတ်မှတ်ခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းများ ရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုစတုတ္ထ ငါးနှစ်စီမံကိန်း ၂၀၂၂-၂၀၂၆ ကာလ ဖြစ်ပါကြောင်း၊ ယခင်ငါးနှစ်စီမံကိန်းများအပေါ် ပြန်လည်သုံးသပ်ကာ မဟာဗျူဟာသုံးရပ်၊ နည်းဗျူဟာလေးရပ်ချမှတ်၍ လုပ်ငန်းကဏ္ဍလေးရပ်အောက်၌ လုပ်ငန်းစဉ်(၈၄)ရပ် ထည့်သွင်း ရေးဆွဲအတည်ပြုခဲ့ပါကြောင်း၊ စတုတ္ထငါးနှစ်စီမံကိန်း၏ ပထမနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်အတွက် လုပ်ငန်းစီမံချက် ရေးဆွဲခဲ့ပြီးဖြစ်ပါကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အသိပညာပေးခြင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်အရေး ယူခြင်းများ ဆောင်ရွက်ရာ၌ ပြည်သူလူထု ပူးပေါင်းပါဝင်သတင်းပေးမှုသည် အရေးကြီးသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ ပြည်သူလူထုမှ အမျိုးသားရေးအသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်စေရေး ထိတွေ့ဆက်ဆံရသည့် ဌာနဆိုင်ရာများအနေဖြင့် စည်းရုံးဆောင်ရွက်ကြရန် မှာကြား သည်။
ဆက်လက်၍ ၂၀၂၂ ခုနှစ် လုပ်ငန်းစီမံချက်အပေါ် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အကြံပြုဆွေးနွေး၍ အကြံပြုဆွေးနွေးချက်များ နှင့် စပ်လျဉ်း၍ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူးက ခြုံငုံသုံးသပ်ဆွေးနွေးသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်