နေပြည်တော် ဧပြီ ၂၃
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာသတင်းဌာန၊ South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာ သတင်းဌာနတို့မှ သတင်းထောက်များကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
(ယမန်နေ့မှအဆက်)
People’s Daily သတင်းဌာန သတင်းထောက်၏ မြန်မာနိုင်ငံတွင် လတ်တလော လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုရှိနေပြီး လောင်စာဆီအခက်အခဲကို အချိန်တိုအတွင်း ရေနံချက်စက်ရုံ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများတည်ဆောက်ရန် မဖြစ်နိုင်ပါကြောင်း၊ ပြီးခဲ့သည့် တရုတ်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Mr Wang Yi က တရုတ်နှင့်မြန်မာ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်း သွယ်တန်းထားရှိမည်ဆိုပါက လျှပ်စစ်ဓာတ်အားမျှဝေပေးရန် ဖြစ်နိုင်သည်ဟု ပြောကြားခဲ့ပါကြောင်း၊ သို့အတွက် မြန်မာနိုင်ငံ အနေဖြင့် ဓာတ်အားပြတ်လပ်မှုကို လျော့ပါးစေရန် ယခုကဲ့သို့ အကြံပြုချက် အပေါ် မည်သို့ ထင်မြင်ပါသနည်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အိမ်နီးချင်းတရုတ် နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံကို နယ်စပ်ဖြတ်ကျော်၍ လျှပ်စစ်ဓာတ်အား မျှဝေပေးလိုခြင်းသည် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုပြဿနာရပ်ကို ဖြေရှင်းနိုင်ရန် အလွန်ကောင်းမွန်သည့် အဖြေတစ်ခု ဖြစ်ပါကြောင်း၊ တရုတ်နှင့် မြန်မာ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းသည် China-Myanmar Economic Corridor Cooperation ၏ အစိတ် အပိုင်းတစ်ခု ဖြစ်ပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံ၊ လာအိုနိုင်ငံတို့နှင့် နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်း သွယ်တန်းမှုစီမံကိန်းများရှိသည်ဟု သိရပါကြောင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ လျှပ်စစ်ဓာတ်အားလိုင်းသွယ်တန်းမှု စီမံကိန်းဆွေးနွေးပွဲ များလည်း ပြုလုပ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံနှင့် စီမံကိန်းဆောင်ရွက်ရန် အဓိက ဆောင်ရွက် လျက်ရှိပြီး နယ်စပ်ဖြတ်ကျော် လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဝေမှုမှ လျှပ်စစ်ဓာတ်အား လက်ခံရရှိ မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူနိုင်ရန် အရင်းအမြစ် လုံလောက်သော်လည်း အဘယ်ကြောင့် စိတ်ဝင်စားမှု မရှိပါသလဲ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက မြန်မာနိုင်ငံတွင် အနောက်နိုင်ငံ NGOs များက အထူးသဖြင့် တရုတ်နိုင်ငံအကူအညီဖြင့် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်း များကို ဆန့်ကျင်ကန့်ကွက်လျက်ရှိပါကြောင်း၊ အနောက်အုပ်စုအနေ ဖြင့် မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်မည် ကို ဟန့်တားလိုခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းအင်အားစုများအနေဖြင့် ရေအားလျှပ်စစ်ထုတ်ယူရာတွင် မြစ်ရေကိုတားဆီး၍ဆည်များ တည်ဆောက်ခြင်းသည် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိသည်ဟု ထင်မြင်နေပါကြောင်း၊ ရေအားလျှပ်စစ်ဓာတ်ထုတ်ယူမှုမှအကျိုး ကျေးဇူးများစွာရှိသည်ကို သိမြင်နားလည်နိုင်မှု အားနည်းနေကြသဖြင့် ဆန့်ကျင်ကန့်ကွက်မှုများ ရှိနေပါကြောင်း၊ ရေအားလျှပ်စစ်မှ စွမ်းအင် အလုံအလောက်ရရှိနိုင်ပြီး မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ထုတ်ယူ နိုင်မှု အခြေအနေကောင်းများစွာရှိသည်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရပါကြောင်း၊ အစိုးရ အနေဖြင့် ကြားကာလတစ်ခုတွင် တာဝန်ထမ်းဆောင်ရခြင်းဖြစ်သော်လည်း နိုင်ငံအတွက် လျှပ်စစ် ဓာတ်အားပိုမိုရရှိစေရန် အလတ်စား ရေတိုရေအားလျှပ်စစ်စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မိမိတို့တွေ့ရသလောက် နိုင်ငံတော်တော် များများတွင် ရေအားလျှပ်စစ်စီမံ ကိန်းများကို အသုံးပြုကြပါကြောင်း၊ သို့သော်မိမိတို့နိုင်ငံတွင် ပြည်သူ များ၏ အနေအထားနှင့် နိုင်ငံရေးနှင့်ဆက်စပ်၍ ရေအားလျှပ်စစ်သည် ယခုကဲ့သို့ ကန့်ကွက်မှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ယခုထက်ထိ ကန့်ကွက်မှုများ မရှိသေးဟု ပြောကြားလိုပါကြောင်း၊ မိမိတို့သည် နိုင်ငံတော် တာဝန်ခေတ္တ ထိန်းသိမ်းသည့် အစိုးရဖြစ်သည့်အတွက် ရေရှည်စီမံ ကိန်းများထက် ရေတိုစီမံကိန်းများကို ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍လည်း ရေရှည် လုပ်ရမည့် ရေအားလျှပ်စစ်စီမံကိန်းများထက် ရေတိုဆောင်ရွက်နိုင် သည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များ ဖြစ်သည့်နေရောင်ခြည် စွမ်းအင်သုံးများနှင့် ဆက်စပ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားကို အတတ်နိုင်ဆုံးပြည့်မီအောင် စီမံဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ဖြေကြားသည်။
ကျေးလက်ဒေသများတွင် လျှပ်စစ်မီးပေးနိုင်ရေးအတွက် တရုတ်နိုင်ငံတွင် ဇီဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားထုတ်လုပ်ခြင်းသည် ရေပန်းစားပါကြောင်း၊ ကျေးလက်ဒေသရှိ စွမ်းအင် လိုအပ်ချက်ကို ဖြေရှင်းပေးနိုင်ပြီး ဆင်းရဲမှုပပျောက်ရေးအတွက် အကျိုးရှိနိုင်သော ကြောင့် မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံနှင့် အဆိုပါလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အလားအလာကို သိရှိလိုပါကြောင်း မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အစိုးရအနေဖြင့် ကျေးလက် ဒေသလျှပ်စစ်မီး ရရှိရေးနှင့် ဆင်းရဲမှုပပျောက်ရေးတို့အတွက် စီမံချက် များထားရှိပါကြောင်း၊ ရေအားလျှပ်စစ်အပြင် ဇီဝဓာတ်ငွေ့၊ နေရောင် ခြည်စွမ်းအင်အစရှိသည်တို့မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအနေဖြင့် ၃၀ မဂ္ဂါဝပ်ထက် မပိုသည့် စီမံကိန်းများကို ဗဟိုအစိုးရထံ ခွင့်ပြုချက်တောင်းခံစရာမလိုဘဲခွင့်ပြုပေးနိုင်ပါ ကြောင်း၊ ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်သည့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို ဖွဲ့စည်းထားရှိပြီး ကျေးလက်ဒေသအတွင်း ဆောင်ရွက်သည့်စီမံကိန်းများကို ခွင့်ပြုပေးကာ လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အငယ်စားလျှပ်စစ်စွမ်းအင် ထုတ်လုပ်ခြင်းတွင်နည်းပညာနှင့် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာအရ ပြည့်စုံကြွယ်ဝသည့် နိုင်ငံဖြစ်ပါ ကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံလိုသူလုပ်ငန်းရှင်များကို အဆိုပါ စီမံကိန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြရန် ကြိုဆိုပါကြောင်း၊ ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှု စီမံကိန်းလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေရန် မိမိတို့အနေဖြင့် လိုအပ်သည့် ကူညီဆောင်ရွက်မှုများ လုပ်ဆောင် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များအရ တရုတ်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း သည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာ ရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရုတ်ရင်းနှီးမြှုပ်နှံ မှုကုမ္ပဏီများကို ဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးခြင်း၊ လုံခြုံမှုပေးခြင်းတို့ လုပ်ဆောင်လျက်ရှိသည်ဟု ဦးစွာပြောကြားလိုပါ ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်မြို့၌ ဆိုးရွားသည့် အဖြစ်အပျက်များ တွေ့ကြုံခဲ့ရပါကြောင်း၊ လှိုင်သာယာစက်မှုဇုန်ရှိ တရုတ်ကုမ္ပဏီတချို့၏ စက်ရုံများ မီးရှို့ ဖျက်ဆီးသည့်လုပ်ရပ်များ ကြုံတွေ့ခဲ့ရပါကြောင်း၊ လှိုင်သာယာ မြို့နယ်သည် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီက မာရှယ်လ်လော ကြေညာထားသည့်နေရာဖြစ်ပြီး အဆိုပါနယ်မြေကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက တာဝန်ယူစောင့်ရှောက်ပေးနေသည့်အတွက် အလားတူ ဖြစ်ရပ်မျိုး မဖြစ်ပေါ်တော့ပါကြောင်း၊ ထိုကဲ့သို့ ထပ်မံမဖြစ်ပွားစေ ရန်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက တရုတ်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ကာကွယ် စောင့်ရှောက်ရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ မြန်မာအသိုက် အဝန်းများမှ တရုတ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအပေါ် အကောင်း မမြင်စေရန်၊ မှားယွင်းအပြစ်တင်စေရန် နောက်ကွယ်မှ အနောက် နိုင်ငံတို့က သွေးထိုးပေးနေခြင်းဖြစ်ပါကြောင်း၊ တရုတ်အပါအဝင် ရင်းနှီးမြှုပ်နှံသူများနှင့် ဒေသခံများ အကြား နှစ်ဦးနှစ်ဖက် အထင်အမြင်မမှားစေရန် ကော်မရှင်က အသိပညာပေး လုပ်ငန်းများလည်း လုပ်ဆောင်ပေးနေပါကြောင်း၊ အလားတူဖြစ်ရပ်ဆိုးများ မဖြစ်ပွား တော့ဘဲ လုံခြုံရေးပိုမိုကောင်းမွန် နေပြီဖြစ်ပါကြောင်း ဖြေကြားသည်။
စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားငွေလဲနှုန်းများ အဆင်ပြေချောမွေ့ စေရန် တရုတ်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို မည်သို့အာမခံနိုင်မည်၊ အမေရိကန်ဒေါ်လာစီးဆင်းမှု တင်းကျပ်ခြင်းနှင့်အတူ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ကဏ္ဍကို အမေရိကန်နှင့် အနောက်နိုင်ငံများက ပိတ်ဆို့ထား သည့်အချိန်၌ အရောင်းအဝယ်ပြုလုပ်ရာတွင် အဘယ်ကြောင့် RMB ကို အစားထိုးမသုံးစွဲရပါသလဲ မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အလားတူစီးပွားရေးပိတ်ဆို့မှုကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ်နှင့် ၂၀၁၁ခုနှစ်အတွင်း အမေရိကန်နှင့် အနောက်နိုင်ငံများက လုပ်ဆောင်ခဲ့ကြပါကြောင်း၊ မိမိတို့အနေဖြင့် ၎င်းတို့လုပ်ရပ်အပေါ် အရေးယူဂရုစိုက်မှုမရှိပါကြောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ တွင် အမေရိကန်နှင့် အနောက်နိုင်ငံများမှ Chevron and Total တို့၏ ရင်းနှီးမှု ပမာဏသည် ၁၀ ရာခိုင်နှုန်းသာရှိပါကြောင်း၊ မြန်မာပြည်မှ ထွက်ခွာသွားကြသည့် ကုမ္ပဏီသုံးခု၏ ရှယ်ယာများကို ကျန်ရှယ်ယာ ရှင်များက ရယူကြမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လုပ်ငန်းများ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းများရှိမည် မဟုတ်ကြောင်း၊ တရုတ် ငွေကြေး RMB ကို နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် အသုံးပြုပေးချေ နိုင်ရန် ပထမအဆင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ တရုတ်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း၊ သွင်းကုန်ပို့ကုန်လုပ်ငန်းများတွင် အသုံးပြုရန် လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆင်ဟွာသတင်းဌာန၏ မကြာသေးမီက မြန်မာပြည်က ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီများက မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၏ ရာခိုင်နှုန်းမည်မျှရှိကြောင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် မည်သို့ သက်ရောက်မှုရှိသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မြန်မာ ပြည်က ထွက်သွားသည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကုမ္ပဏီ သုံးခု ပေါင်း၏ ရင်းနှီးမြှုပ်နှံမှုပမာဏစုစုပေါင်းသည် ၁၀ ရာခိုင်နှုန်းခန့်သာ ရှိကြောင်း၊ Total Energies ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် ရေနံနှင့် သဘာဝဓာတ်ငွေ့တွင်ရှိသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၃ ရာခိုင်နှုန်းသာရှိကြောင်း၊ ထို့အတူ Chevron ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံ မှုမှာ ၁ ဒသမ ၆ ရာခိုင်နှုန်း၊ Woodside ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ၅ ဒသမ ၂၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကုမ္ပဏီများ ထွက်ခွာသွားခြင်းသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် ပြဿနာ မရှိကြောင်း။
အရေးကြီးသည်မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၌ တရုတ် နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် ၂၇ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းကုမ္ပဏီ သုံးခုပေါင်း ရင်းနှီးမြှုပ်နှံမှုထက်ပိုများပါကြောင်း၊ ယင်းကုမ္ပဏီများ ထွက်သွားသော်လည်း စာချုပ်များအရ ယင်းထွက်သွားသည့် နေရာများတွင် အခြားသူများ ပြန်လည်နေရာယူကြမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏလျော့သွားရန်မရှိကြောင်း ဖြေကြားသည်။
လိုအပ်သည့် လျှပ်စစ်ဓာတ်အားဖြည့်ဆည်းနိုင်မည်
ဆက်လက်၍ မီးလင်းချိုင်စီမံကိန်းလက်ရှိအခြေအနေနှင့် ယင်းစီမံကိန်းက မြန်မာလူမှုစီးပွားဘဝ အတွက် မည်သို့အကျိုးစီးပွားများ ဖော်ဆောင်ပေးနိုင်မည်ကိုသိလိုကြောင်းမေးခွန်းနှင့်စပ်လျဉ်း၍ မီးလင်းချိုင်စီမံကိန်းသည် မိမိတို့တိုင်းပြည်အတွက် လိုအပ်သည့် စီမံကိန်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအပြင် မီးလင်းချိုင်မှ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန် တိုင်းဒေသကြီးအထိ ဓာတ်အားဖြန့်ဖြူးပေးမည့် မဂ္ဂါဝပ် ၅၀၀ Transmission လိုင်းဆွဲပေး ရန်ရှိကြောင်း၊ မဂ္ဂါဝပ် ၁၉၀၀ ခန့် ထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် ကြီးမားသည့်စီမံကိန်းဖြစ်ပြီး တိုင်းပြည်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားကို ဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ လျှပ်စစ်ကဏ္ဍတွင်ရှိသည့် အခြေခံ အဆောက်အအုံလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း ဖြေကြားသည်။
ဆင်ဟွာသတင်းဌာန သတင်းထောက်၏ လက်ရှိတွင် အာရှနိုင်ငံ များ၏ စီးပွားရေးအကျပ်အတည်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက အာရှနိုင်ငံများ အထူးသဖြင့် အာဆီယံနိုင်ငံများသည် ကိုဗစ်-၁၉ ကပ်ရောဂါ ဘေးတွေ့ကြုံနေကြ ရသည့်အတွက် စီးပွားရေးအပေါ် ဆိုးကျိုးရိုက်ခတ်မှုများ ရှိပါကြောင်း၊ ဒုတိယအချက်အနေဖြင့် ရုရှား-ယူကရိန်း အရေးကိစ္စသည်လည်း ရိုက်ခတ်မှုဖြစ်ပြီး တတိယအနေဖြင့် geopolitical issues ဖြစ်သည့် တောင်တရုတ်ပင်လယ်တွင်း အရေးကိစ္စများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ ကင်းလွတ်စ ပြုလာပြီ ဖြစ်သော်လည်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ် များကို အပိုဆောင်း ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ရုရှား-ယူကရိန်း ဖြစ်ရပ်မှ တိုက်ရိုက် ရိုက်ခတ်မှုမရှိသော်လည်း ရေနံနှင့်သဘာဝ ဓာတ်ငွေ့စျေးနှုန်းများ မြင့်တက်လာမှုသည် သွယ်ဝိုက်ရိုက်ခတ်မှု ဖြစ်ပါကြောင်း၊ ကမ္ဘာအဝန်းအစားအသောက်စျေးနှုန်းများ မြင့်တက်မှုတွင် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အတွက် အားသာချက် ရှိပါကြောင်း၊ မြန်မာအပါအဝင် အာဆီယံနိုင်ငံများအားလုံးသည် အဆိုပါတွေ့ကြုံနေရမှုများမှ ကျော်လွှားအောင်မြင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြန်လည် ဖြေကြားသည်။
ကိုဗစ်အလွန် မြန်မာနိုင်ငံ၏ စီးပွားရေးပြန်လည်ဦးမော့လာစေရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦးက မြန်မာ့စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကုစားမှုအစီအမံ ထားရှိပြီး စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေများ ထုတ်ပေးလျက် ရှိပါကြောင်း၊ တစ်ချိန်တည်း မှာပင် တရုတ်နိုင်ငံနှင့် Economic Corri-dor Cooperation နှင့် ဆက်စပ်သည့် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်မည်ဖြစ်သည့်အတွက် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်း ဆောင်ရွက်မှုလုပ်ငန်းများ ရှိပါကြောင်း၊ ဥပမာအားဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အရည်အချင်း ပြည့်ဝသည့် တရုတ်နိုင်ငံမှ အကူအညီများစွာရရှိမည် ဖြစ်ပါကြောင်း၊ မကြာမီ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းသွယ်တန်း မှုလုပ်ငန်းများ လုပ်ဆောင်တော့မည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး ထွက်ကုန်များကို မြန်မာနိုင်ငံက တင်ပို့ပြီး တရုတ်နိုင်ငံက ဝယ်ယူ တင်သွင်းနေပါကြောင်း၊ မြန်မာက လုပ်သားအင်အားရှိပြီး တရုတ် နိုင်ငံက နည်းပညာနှင့်ငွေကြေးအရင်းအနှီးရှိပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုများကြောင့် နှစ်နိုင်ငံအကျိုးကျေးဇူးများ ခံစားကြရမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနှင့် အာဆီယံနိုင်ငံများ အပါအဝင် အနာဂတ်အာရှစီးပွားရေး တောင့်တင်းခိုင်မာရေးအတွက် တရုတ် နိုင်ငံသည် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ပါကြောင်း၊ အာဆီယံကုန်ကြမ်းပစ္စည်းနှင့် ကုန်ချော တစ်ဖြစ်လဲ ပို့ကုန်အများစုကို တရုတ်နိုင်ငံက ဝယ်ယူနေခြင်း ဖြစ်ပါကြောင်း ဖြေကြားသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် မည်သည့် အတွက်ကြောင့် ရင်းနှီးမြှုပ်နှံ သင့်ကြောင်းနှင့် စပ်လျဉ်းသည့် မေးခွန်းကို နိုင်ငံတိုင်းတွင် ရေနံ သဘာဝဓာတ်ငွေ့မရှိကြောင်း၊ နေရာနည်းနည်းတွင်သာ ရေနံသဘာဝ ဓာတ်ငွေ့ရှိကြောင်း၊ ယင်းအထဲတွင် မြန်မာနိုင်ငံပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ် ရှိသည့် ရှားရှားပါးပါးနိုင်ငံများထဲက တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတချို့သည် အမြဲတမ်း ရေနံနှင့်သဘာဝဓာတ်ငွေ့ လိုအပ်နေသည့် နိုင်ငံများဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ပတ်ဝန်းကျင်နိုင်ငံများကို အေးဆေးလွယ်ကူစွာ သဘာဝဓာတ်ငွေ့ ရောင်းချနိုင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှု လုပ်ကိုင်နိုင် ရန်အတွက် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ အမြဲတမ်းပြင်ဆင် ပြောင်းလဲလုပ်ကိုင် ပေးနေကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံမည့် သူများအတွက် အကျိုးအမြတ်ရှိအောင် နှစ်ဦးနှစ်ဖက် အကျိုးရှိအောင် အမြဲတမ်းပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ပေးနေကြောင်း၊ အထူး သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယခုကိစ္စကို အလေးထား ဆောင်ရွက်ပေးနေကြောင်း၊ ထို့ကြောင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများထဲ၌ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးနိုင်ငံဖြစ်သည်ဟု ပြောကြားလိုကြောင်း ဖြေကြားသည်။
အလားတူ အနောက်အုပ်စုနိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများ ကြောင့် မြန်မာ့စီးပွားရေးကဏ္ဍအပေါ် အကျိုးသက်ရောက်မှုကို သိလို ကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ယင်းအရေးယူ ပိတ်ဆို့မှုများသည် အစိုးရအပေါ် သက်ရောက်မှုမရှိကြောင်း၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ရှင်များအပေါ်သာ သက်ရောက်မှုရှိကြောင်း၊ အမေရိကန်ဒေါ်လာကို အလွယ်တကူသုံးစွဲမရခြင်း၊ ငွေလွှဲလုပ်မရခြင်း၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ အခက်အခဲပေါ်ခြင်း၊ ယင်းအရေးယူပိတ်ဆို့ မှုကြောင့် အချို့စက်ရုံများ ပိတ်သိမ်းသွားခြင်း၊ ထိုသို့ ပိတ်သိမ်းခြင်းကြောင့် မြန်မာနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးရခြင်းများရှိကြောင်း၊ အစိုးရအတွက် ဘာမျှမဖြစ်ကြောင်း၊ အစိုးရအနေဖြင့် လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင်စဉ်းစားဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ယင်းသို့ပိတ်ဆို့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ပိုမို ကောင်းမွန်လာကြောင်း ဖြေကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် အာမခံ ချက်ပေးရန် စီစဉ်ဆောင်ရွက်နေခြင်း ရှိ၊ မရှိ သိလိုကြောင်းမေးခွန်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် တင်ပြလာသည့် အဆိုပြုချက်များကို အမြန်ဆုံး ခွင့်ပြုဆောင်ရွက်ပေးနေကြောင်း၊ တိုင်းပြည်အတွင်း လက်ရှိလုပ်ကိုင် နေသည့် ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ကိုင်ဆောင်ရွက်ရာတွင် အဆင်ပြေစေရန်နှင့် ယခင်ထက် ပိုမို လွယ်ကူစေရန် ကြိုးစားဆောင်ရွက်နေကြောင်း၊ အသစ်လာမည့် ရင်းနှီးမြှုပ်နှံမှုများအတွက်လည်း တိုင်းဒေသကြီး/ပြည်နယ်များ၊ ဝန်ကြီးဌာနများနှင့်သွားရောက် ဆက်သွယ်လုပ်ကိုင်သည့်အခါ ပိုမိုမြန်ဆန် သွက်လက်အောင် (SoP) စံပြုလုပ်ထုံးလုပ်နည်းများ ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ယင်းလုပ်ထုံးလုပ်နည်းများ အတိုင်း ဆောင်ရွက်ပါက မြန်ဆန်ချောမွေ့သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ သို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ကို သိရှိလိုသည်များ မေးမြန်းလိုသည့်အခါ ယခင် ကကဲ့သို့ မြန်မာနိုင်ငံသို့ လာရောက်စရာမလိုဘဲ အွန်လိုင်းကတစ်ဆင့် မေးမြန်းနိုင်အောင် စီစဉ်ဆောင်ရွက်ပေးထားကြောင်း ဖြေကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုက တရုတ်-မြန်မာ စီးပွားရေးစင်္ကြံနှင့် ဆက်စပ်စီမံကိန်း များအပေါ် မည်သို့သက်ရောက် မှု ရှိနိုင်သည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာ နယ်စပ်တွင် တချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် မငြိမ်မသက်မှုများ၊ ဖျက်လိုဖျက်ဆီးမှုများလုပ်သည့် ကိစ္စရပ် များရှိကြောင်း၊ ဥပမာအနေဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ အကြားတွင် ရထားလမ်းစီမံကိန်းလုပ်ဆောင်မည်ဆိုပါကနယ်စပ်ဒေသတွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများက ဖျက်လို ဖျက်ဆီးမလုပ်မှ စီမံကိန်းလုပ်ဆောင်မှု မြန်ဆန်သွက်လက်မှု ရှိမည် ဖြစ်ကြောင်း၊ ဝင်ရောက်ဖျက်လို ဖျက်ဆီးလုပ်နေပါက စီမံကိန်းလုပ်ရ သည့်အပိုင်းတွင် နှောင့်နှေးမှုများရှိနေမည်ဖြစ်ကြောင်း၊ တည်ငြိမ် သည့် ဒေသတွင် လုပ်ဆောင်ရသည့် စီမံကိန်းမှာ မည်သည့်အခက်အခဲမှ မရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးသည် တိုင်းပြည် အတွက်အရေးကြီးကြောင်း၊ အစိုးရအနေဖြင့်လည်း ပြည်တွင်း ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေ ကြောင်း ဖြေကြားသည်။
အလားတူ မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများအပေါ် အနောက်နိုင်ငံများက မည်သို့ လုပ်ဆောင်ခဲ့ပြီး ယင်းလုပ်ဆောင်ချက် များကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများအပေါ် မည်သည့် ဆိုးကျိုးများဖြစ်စေသည်ကို သိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ မိမိအမြင်ကိုပြောရလျှင် မိမိတို့တိုင်းပြည်ကို အနောက်နိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းသည် တရုတ်နိုင်ငံ၏ အင်အားကြီး ထွားမှုနှင့် လွှမ်းမိုးမှုကို ၎င်းတို့က စိုးရိမ်မှုကြောင့်ဖြစ်ပြီး မိမိတို့တိုင်းပြည်ကို မငြိမ်မသက်ဖြစ်အောင် ဖန်တီးလာခြင်းဖြစ်သည်ဟုမြင်ကြောင်း၊ မိမိတို့တိုင်းပြည်တွင် ၎င်းတို့ကြိုးကိုင်နိုင်သည့် အစိုးရ၊ လိုအပ်သလို ခြယ်လှယ်နိုင်သည့် အစိုးရတစ်ရပ်ပေါ်ထွက်လာအောင် နည်းမျိုးစုံဖြင့် ကြိုးစားနေခြင်း ဖြစ်ကြောင်း၊ ယင်းအစိုးရမျိုး မြန်မာနိုင်ငံတွင် ဖြစ်လာလျှင် ပထဝီနိုင်ငံရေးအရ ဒေသတွင်းဟန်ချက်ကို ကစားနိုင်သည်ဟု ယူဆပြီး မြန်မာနိုင်ငံအား မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်သည်ဟု မြင်ကြောင်း၊ လတ်တလောတွင် မြန်မာနိုင်ငံ၌ နိုင်ငံရေးမတည်မငြိမ် ဖြစ်သည့်အတွက်ကြောင့် ဆိုးကျိုးအနေဖြင့် ပတ်ဝန်းကျင်နိုင်ငံများတွင် စစ်ဘေးရှောင်များ ရောက်ရှိသွားခြင်းများရှိကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စများတွင် အခက်အခဲဖြစ်ပေါ်ခြင်းများ ရှိကြောင်း၊ ဥပမာ ထိုင်း- မြန်မာနယ်စပ်တွင် နယ်မြေမငြိမ်မသက် မှုများဖြစ်နေကြောင်း၊ ယင်းကြောင့် အာရှလမ်းမကြီးကို အပြည့်အဝ လုံခြုံစွာအသုံးမပြုနိုင်သည့်အတွက် ထိုင်း-မြန်မာ ပို့ကုန်/ သွင်းကုန် များ ကုန်စည်စီးဆင်းမှု အခက်အခဲရှိလာပြီး အိမ်နီးချင်း ထိုင်းနိုင်ငံကိုပါ သက်ရောက်မှုရှိကြောင်း ဖြေကြားသည်။
အနောက်နိုင်ငံများ၏ဖိအားများကြောင့် ကန့်သတ်မှုများရှိနေ
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖြည့်စွက်ပြောကြား ရာတွင် မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်း သည့်အခါ နိုင်ငံအားလုံး၏အားကို လိုအပ်ပါကြောင်း၊ အထူးသဖြင့် အိမ်နီးနားချင်းနိုင်ငံများ၏ အားကို ပို၍လိုအပ်ပါကြောင်း၊ အနောက် နိုင်ငံများကိုလည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်မှုများနှင့် သွားလိုပါကြောင်း၊ ပတ်ဝန်းကျင် နိုင်ငံများအနေဖြင့်လည်း မိမိတို့နှင့်ပူးပေါင်းလိုကြပါကြောင်း၊ သို့သော်လည်း အနောက်နိုင်ငံများ၏ဖိအားများကြောင့် ကန့်သတ်မှုများ ရှိနေပါကြောင်း။
ထို့ကြောင့် ပြည်သူများ နစ်နာပါကြောင်း၊ အမေရိကန်ကဲ့သို့ အင်အားကြီးသည့် နိုင်ငံအနေဖြင့် နိုင်ငံငယ်အပေါ်စစ်မှန်သော စေတနာဖြင့် ဒီမိုကရေစီနိုင်ငံတစ်ခုကို ရောက်စေလိုပါက အခြား နည်းလမ်းများဖြင့် လက်တွဲဆောင်ရွက်ရန်မျှော်လင့်ပါကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် နိုင်ငံအားလုံးနှင့် ချစ်ကြည်စွာသွားလိုပါကြောင်း၊ နိုင်ငံတကာကိုလည်း လေးစားပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကုလ သမဂ္ဂအဖွဲ့ဝင်နှင့် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် အတွက် အားလုံးအပေါ်တွင် လေးစားမှုဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပါ ကြောင်း ပြောကြားသည်။
သတင်းစဉ်