နေပြည်တော် ဧပြီ ၂၃
တိုင်းဒေသကြီး/ ပြည်နယ်ပညာ ရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် အခြေခံပညာ ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဦးဇော်ဝင်းက မြန်မာနိုင်ငံ၌ ပညာရေးပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ KG+12 စနစ်သစ် သင်ရိုးတန်းများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခု လာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ်တန်းများ ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် Grade-5 ၊ Grade-8 နှင့် Grade-11 သင်ရိုးသစ် TOT သင်တန်းများကိုလည်း ဧပြီ ၄ရက် မှစ၍ ဖွင့်လှစ်ပို့ချလျက်ရှိ ကြောင်း၊ ထို့အတွက် ပညာရေးမှူး များအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဆင့်ပွားသင်တန်းများကို စနစ်တကျ ဆက်လက်ဖွင့်လှစ်ပို့ချနိုင်ရေးအတွက် ပံ့ပိုးဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊စီမံခန့်ခွဲမှု ပိုင်းနှင့် ပတ်သက်၍ စီမံအုပ်ချုပ်ရာတွင် အလွဲအမှားများ မရှိစေရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများ နှင့် ပတ်သက်၍ ၁/၂၀၁၇၊ ၃၅/ ၂၀၁၇ နှင့် ၁/၂၀၂၂ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်သကဲ့သို့ စွမ်းဆောင်ရည် ရမှတ်များကို မှတ်တမ်းများ ပြုလုပ်၍ရုံးချုပ်သို့ ပေးပို့ရမည် ဖြစ်ကြောင်း၊ အခြေခံပညာရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးသည် ဆရာ ဆရာမကြီးများအပေါ်တွင် များစွာမူတည်သည့်အတွက် လက်ရှိတာဝန်ယူ ဆောင်ရွက်နေသည့် တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်ပညာရေး မှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် စီမံ/ဘဏ္ဍာ/ပညာ ကဏ္ဍများကို ညွှန်ကြားချက်နှင့်အညီ စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မိမိ ကိုယ်တိုင်ကလည်း လေ့လာ သင်ယူ၍ မိမိတာဝန်ယူရသော နယ်မြေများတွင်လည်း အနာဂတ် နိုင်ငံတော်အတွက် အားထားရသော နိုင်ငံ့သားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရေးအတွက် ကြိုးစား ဆောင်ရွက်သွားကြရန် ဆွေးနွေးပို့ချသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်များမှ ပညာရေးမှူးများ က တိုင်းဒေသကြီး/ ပြည်နယ်များ ၏ အခြေခံပညာကဏ္ဍဆောင်ရွက် မှုများကို တင်ပြကြရာ ဒုတိယ ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်