Skip to main content

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများအား သိုလှောင်ရုံများအတွင်း စနစ်တကျ ထားရှိမှုနှင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးနေမှုများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၃

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများအား သိုလှောင်ရုံများအတွင်း စနစ်တကျ ထားရှိမှုနှင့် ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ် ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက သာကေတ မြို့နယ်၊ (၁၀)တောင်ရပ်ကွက်ရှိ အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ (၁၀)မြောက်ရပ်ကွက်ရှိ သာသနာ့သောပိတဓမ္မာရုံ၌ လည်းကောင်း၊ (၄)မြောက်ရပ်ကွက်ရှိ သဗ္ဗမင်္ဂလာ ဓမ္မာရုံ၌ လည်းကောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်ရှိ ဓမ္မာရုံ၌ လည်းကောင်း အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများကို အဆိုပါမြို့နယ်များရှိ ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးနေမှုများအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများကို မြန်မာ့စက်မှုဆိပ်ကမ်းနှင့် အေးရှားဝေါလ် ဆိပ်ကမ်းများမှ ကွန်တိန်နာများဖြင့် သယ်ယူ၍ လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်(၆) သိုလှောင်ရုံ၌ စနစ်တကျ ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။