နေပြည်တော် ဧပြီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ) ကျော်စိုး(ခ) ကျောင်းဆရာ(ဘ)ဦးအောင်အောင်နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်း အပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ) ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်ရန် ကျော်စိုးထက် (ခ)ကျောင်းဆရာမှ ပေးအပ်သည့် လက်လုပ်မိုင်းများအား လက်ခံသိမ်းဆည်းပေးခြင်းနှင့် အကြမ်းဖက် သင်တန်းတက် ရောက်ရန် ငွေကြေးထောက်ပံ့မှုများကို လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ)နှင့် ၅၀(ည)တို့အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းတို့အား “ထောင်ဒဏ် တစ်သက်” ပြစ်ဒဏ်ကို အသီးသီးအမိန့် ချမှတ်လိုက်ကြောင်း သိရှိရသည်။
အလားတူ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်နေ ကျော်သီဟထွန်း (ခ)သီဟ(ဘ) ဦးသိန်းထွန်းသည် ၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်နှင့် ၁၅ ရက်တွင် အရိုး၊ ဟန်ဦး၊ ဖိုးသင်္ကြန်၊ နွယ်ထွန်း(ခ)လွယ်ထွန်း၊ ကြံ့ကြီး(ခ)ကျော်မိုးထက်၊ ဇော်မျိုးထက်၊ ကိုမင်း၊ အရှည်ကြီး(ခ)ဝတုတ်၊ ထွန်းထွန်းအောင် (ခ)ဘိုထွန်း (ခ)ဂျပန်ကြီး (ခ)ဝင်းနိုင် တို့နှင့်အတူ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းနေ ဦးသိန်းဦး(ခ) ဦးမြင့်ဌေးနှင့် ဦးမြသန်း(ခ)စွန်ရဲ တို့အား ဒလန်ဟုစွတ်စွဲ၍ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး တာယာကွင်း များပေါ်တင်၍ ဓာတ်ဆီလောင်း၍ မီးရှို့သတ်ဖြတ်ခဲ့ခြင်းဖြင့် လူသတ်မှုကျူးလွန်ရာ၌ အားပေးကူညီမှု ပြုခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂)/၁၁၄ အရ ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂ ရက်တွင် ၎င်းအား “အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂၀ နှစ်” ပြစ်ဒဏ်ကို အမိန့်ချ မှတ်လိုက်ကြောင်း သိရှိရသည်။
စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့် ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်းပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ကာထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။