နေပြည်တော် ဧပြီ ၁၃
မြန်မာနှစ်သစ်ကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာနတို့၏ မဟာသင်္ကြန် ရေသဘင်ပွဲတော်ကို ယနေ့ (သင်္ကြန်အကြိုနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပရဝဏ်အတွင်း ကျင်းပသည်။
ပါဝင်ဆင်နွှဲ
ရေသဘင်ပွဲတော်သို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ကြသည်။
ပြောကြား
ရေသဘင်ပွဲတော်တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က အဖွင့်အမှာစကားများ ပြောကြားကြပြီး တက်ရောက် လာကြသော အရာထမ်းနှင့် အမှုထမ်းများအား လာမည့်နှစ်သစ်တွင် တိုင်းပြည်တာဝန်ကို ကျေပွန်စွာ ထမ်းရွက်နိုင်ပါစေကြောင်းနှင့် ကပ်ရောဂါအန္တရာယ်မှ ကင်းဝေးပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်း စကားများ ပြောကြားကြသည်။ ထို့နောက် ဧည့်သည်တော်များကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနတို့မှ လှပျိုဖြူများက သင်္ကြန်ယိမ်းအက များဖြင့် ဖျော်ဖြေကာ အခမ်းအနားကို စတင်သည်။
ပွဲတော်တွင် ပါဝင်ဆင်နွှဲကြသူများကို မြန်မာရိုးရာ အစားအစာများဖြစ်သည့် ကြာဆံဟင်းခါး၊ မုန့်လက်ဆောင်းနှင့် ရွှေရင်အေးတို့ဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်