Skip to main content

ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁) ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာ စည်တော်တင်ပွဲပြုလုပ်

နေပြည်တော် ဧပြီ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁) ကြိမ်မြောက် ရိုးရာမဟာသင်္ကြန်မင်္ဂလာစည်တော်တင်ပွဲကို ယနေ့နံနက်ပိုင်းတွင် စပ်လုံကတ်အောင်မြေ နတ်နန်း၌ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ရှမ်းတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များနှင့် ဒေသခံ ရှမ်းတိုင်းရင်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဂုံရှမ်းယဉ်ကျေးမှုအဖွဲ့က မင်္ဂလာတေးသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုံရှမ်း တိုင်းရင်းသားတို့၏ (၆၁၁) ကြိမ်မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော် တင်ပွဲအတွက် အလှူငွေ များ ပေးအပ်ရာ ဂုံရှမ်းတိုင်းရင်းသားယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးဟောင်ခမ်းနွမ်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

ယင်းနောက် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များက နန္ဒဘေရီ မင်္ဂလာစည်တော်ကို စင်ပေါ်သို့ တင်ဆောင်ကာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာအရ နန္ဒဘေရီမင်္ဂလာစည်ကို ခုနစ်ချက်တီး၍ ဆုမွန်ကောင်းတောင်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မင်္ဂလာစည်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပြီး လွယ်တိုင်းရင်းသား အဖွဲ့ခေါင်းဆောင်က ရိုးရာဓလေ့အတိုင်း မင်္ဂလာစည်တော်ကို တီးခတ်၍ တိုင်းရင်းသား ရိုးရာအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

အဆိုပါ ဂုံရှမ်းတိုင်းရင်းသားတို့၏ (၆၁၁)ကြိမ် မြောက် ရိုးရာမဟာသင်္ကြန် မင်္ဂလာစည်တော်တင် ခြင်းကို ရိုးရာမပျက်ကျင်းပလျက်ရှိရာ ယခုဆိုလျှင် (၆၁၁) ကြိမ်မြောက် ရှိပြီဖြစ်ပြီး နန္ဒဘေရီ စည်တော်အား ရိုးရာထုံးတမ်းအစဉ်အလာအရ ယနေ့မှစ၍ ၂၄ နာရီ တီးခတ်ပူဇော်ကာ ဧပြီ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်တွင် မင်္ဂလာစည်တော်အား လောင့်ကုပ်နမ့်ခင်ချောင်းသို့ ပို့ဆောင်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် နန္ဒဘေရီစည်တော်အား တီးခတ်ပူဇော်ခြင်းဖြင့် ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာအဆိုအရ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းခြင်း၊ အမျိုး၊ ဘာသာ၊ သာသနာ နေလပမာ ထွန်းကားခြင်း၊ ရာသီဥတု ကောင်းမွန်ပြီး ဆန်၊ ရေ၊ စပါးပေါများကာ နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူအပေါင်း စိတ်နှလုံး ချမ်းမြေ့စွာ နေနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်