Skip to main content

၁၃၈၃ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

ဘားအံ ဧပြီ ၁၃

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကြီးကို ရှေးမြန်မာမင်းများလက်ထက် ခေတ်အဆက်ဆက်မှစပြီး မပျက်မကွက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် ကရင်ပြည်နယ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို မဟာသင်္ကြန်အကြိုနေ့ ယနံနက် ၈ နာရီခန့်က ဘားအံမြို့၊ သီရိကွင်း၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မြန်မာသက္ကရာဇ် နှစ်တစ်နှစ်ကုန်ဆုံးပြီးနှစ်သစ်စတန်ခူးလ၏ ပူပြင်းသောနွေရာသီ ဒဏ်ကိုခံနိုင်ရန်၊ အေးချမ်းမှုကိုပေးစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက်စေပြီး နှစ်သစ်သို့ပါမလာစေရန်၊ မကောင်းမှုနှင့်အာဃာတများကို ကြည်လင် အေးမြသည့် သီတာရေစင်ဖြင့် တစ်ဦးကိုတစ်ဦး ကြည်နူးသိမ်မွေ့စွာ ပက်ဖျန်းဆေးကြောသင်ပုန်း ခြေကြပြီးတစ်ဦးကိုတစ်ဦး ခွင့်လွှတ်ကာ ပျော်ရွှင်စွာရေကစားကြသည့် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဘုရားသွား၊ ဥပုဒ်သီတင်း သီလစောင့်ထိန်းခြင်း၊ ရေကုသိုလ်ပြုခြင်း၊ စတုဒိသာများကျွေးမွေးခြင်း၊ မိဘ၊ ဘိုးဘွား တို့ကို ဂါရဝပြုပူဇော်ခြင်း ဝေယျာဝစ္စများပြုလုပ်ြခင်း၊ ဇီဝိတဒါနသက်သက်လွတ်ပွဲများ ပြုလုပ်ခြင်း များ ဆောင်ရွက်လေ့ရှိကြောင်း၊ ကရင်ပြည်နယ်အတွင်းမှ ပြည်နယ်သူ၊ ပြည်နယ်သူများအားလုံး သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ၊ ငြိမ်းချမ်းသာယာစွာ ဖြင့်မေတ္တာဖြန့်ကျက်နိုင်ပါစေ၊ မိုးလေဝသမှန်ကန်ပြီး ကောက်ပဲသီးနှံရတနာရွှေငွေ ပေါကြွယ်ဝပါစေ၊ ကုန်သွယ်စီးပွား ကုန်ထုတ် စီးပွားများ ဖွံ့ဖြိုးအောင်မြင်ကြပါစေကြောင်း နှစ်သစ်ကူးဆုတောင်းပတ္တနာပြု တိုက်တွန်း၍ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ၁၃၈၃ ခုနှစ် ကရင်ပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကရင်ရိုးရာယဉ်ကျေးမှုအဖွဲ့က ဒုံးအကဖြင့် သီဆိုကပြဖျော်ဖြေကာ မဟာသင်္ကြန်ယိမ်းအကအဖွဲ့ ၂၃ ဖွဲ့မှ ယိမ်းသမစုစုပေါင်း ၄၁၄ ဦးခန့်က မြူမှောင်ဝေကင်းတေးသီချင်းဖြင့်တွဲဖက်၍ စုပေါင်းကပြဖျော်ဖြေကြရာ ကရင်ပြည်နယ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်လာကြသော ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ကရင်တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများက အောင်သပြေခတ်ဖြင့် အတာရေအေး ပတ်ဖြန်းကြပြီး ပျော်ရွှင်စွာ စုပေါင်းရေကစားခဲ့ကြသည်။

အလားတူ ဘားအံမြို ကမ်းနားလမ်းတစ်လျှောက်နှင့် လူစည်ကားရာနေရာများတွင် ပြည်နယ်အဆင့် ဌာနဆိုင်ရာရေကစားမဏ္ဍပ်များ၊ ရပ်ကွက်အလိုက်ရေကစားမဏ္ဍပ်များကို ဆောက်လုပ်ထားရှိရာ ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန အတာသင်္ကြန်မဏ္ဍပ်၊ စီးပွားရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မဏ္ဍပ်၊ သယံဇာတရေးရာဝန်ကြီးဌာနမဏ္ဍပ်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမဏ္ဍပ်၊ လူမှုရေးရာဝန်ကြီးဌာန မိသားစုဖျော်ဖြေရေးမဏ္ဍပ်များကို သက်ဆိုင်ရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖွင့်လှစ်ပေးခဲ့ကြပြီး အေးချမ်းပျော်ရွှင်စွာ ရေကစားခဲ့ကြသည်။

ထို့အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဘားအံမြို့၊ ဇွဲကပင်ပန်းခြံရေကစား မဏ္ဍပ်သို့ ရောက်ရှိပြီး ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများအား ကြည့်ရှု့အားပေး ခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားမဲတောင်သဘာဝဥယျာဉ် ရေကစားမဏ္ဍပ်သို့ ရောက်ရှိပြီး ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု့အားပေး ကြပြီးဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)