Skip to main content

ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် စတင်ဖွင့်လှစ်

ရန်ကုန် ဧပြီ ၁၃

၁၃၈၃ ခုနှစ် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၇)နာရီခွဲ တွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားဖွင့်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ယခုလာမည့် နှစ်သစ်တွင် ခွန်အားသစ်များဖြင့် ဆောင်ရွက်ကြဖို့လိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ ပြည်သား၊ မြို့တော်သူမြို့တော်သားအပေါင်း နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးအချိန် အခါသမယ တွင် မြန်မာ့ဓလေ့ရိုးရာ အစဉ်အလာနှင့် အညီ အေးမြကြည်လင်သော မေတ္တာရေစင်ပက်ဖျန်း၍ ခြိမ့်ခြိမ့်သဲ၊ ပျော်ရွှင်စွာ ဆင်နွှဲသည့် မဟာသင်္ကြန်ရေသဘင်ပွဲ​​တော်ဖွင့်ပွဲအခမ်းအနား ဖြစ်ပါ ကြောင်း၊ ၂၀၂၀ ခုနှစ် မတ်လမှစပြီး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကျရောက်ခဲ့သောကြောင့် ရိုးရာယဉ်ကျေးမှုပွဲတော်များ၊ အခမ်းအနားများကို ရပ်နားခဲ့ရပြီး ၂၀၂၂ ခုနှစ် မတ်လတွင် ကိုဗစ် ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသဖြင့် ပြည်သူများ စိတ်လက်ပေါ့ပါး လန်းဆန်းပျော်ရွှင်စေရန် ရည်ရွယ်၍ မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ယခုနှစ်မှာ ပြန်လည်ကျင်းပပေး ခြင်းဖြစ်ပါကြောင်း၊ နှစ်သစ်ကူးအချိန်အခါသည် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားသော လူမျိုးတိုင်းတွင်ရှိသည့် အစဉ်အလာ ယဉ်ကျေးမှုတစ်ခုဖြစ်ကြောင်း၊ ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသည့် လူမျိုးတွင် မြန်မာလူမျိုးသည် ထိပ်ဆုံးမှ ပါဝင်သည့်အတွက် မြန်မာ့ရိုးရာ ဓလေ့ယဉ်ကျေးမှုများကို စောင့်ရှောက်ပြီး ဆက်လက်ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ နှစ်သစ်မှာ ခွန်အားသစ်များဖြင့် ဆောင်ရွက်နိုင်ကြပါစေကြောင်း ယခုအတာသင်္ကြန်တွင် မြန်မာ့အမျိုးသား ရေး စိတ်ဓာတ်ပေါ်လွင်နိုင်ရေး၊ မြန်မာလူမျိုးများ၏ ဂုဏ်သိက္ခာ၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရင်း ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွှဲကြစေလိုပါ ကြောင်း ပြောကြားသည်။

ယနေ့ စတင်ဖွင့်လှစ်သော ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွှန့်ဝင်းဆွေ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖိတ်ကြားထားသော ဧည့်သည် တော်များ တက်ရောက်ကြသည်။

ယင်းနောက်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေနှင့် ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သင်္ကြန်အကပြိုင်ပွဲများ၊ ရုပ်ရှင်အနုပညာရှင်များဖြင့် ဖွဲ့စည်းထားသော အမေများ ယိမ်းအကအဖွဲ့၊ နိုင်ငံကျော်တေးသံရှင်များက ဖျော်ဖြေကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမေများ ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)