Skip to main content

ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ)အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကျင်းပ

မောင်တော ဧပြီ ၁၃

ရခိုင်ပြည်နယ် မောင်တောမြို့၌ (ပထမ) အကြိမ်မြောက် ရခိုင်ရိုးရာ နံ့သာသွေးပြိုင်ပွဲကို ယနေ့ နံနက် (၉)နာရီက ဗဟိုလ်မဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးအောင်မြင့်သိန်းက ရခိုင်ရိုးရာ နံ့သာသွေးပြိင်ပွဲ ကျင်းပရ ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး မြို့နယ်စီမံအဖွဲ့ဝင်(၂) ဦးဦးခင်မောင်က ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ရခိုင်ရိုးရာနံ့သာ သွေးပြိုင်ပွဲကို ကျင်းပရာ ပြိုင်ပွဲဝင်အသင်း ၅ သင်း ပါဝင်ယှဉ်ပြိုင်ကြပြီး ဒိုင်လူကြီးများက အကဲဖြတ်အမှတ် ပေးကြသည်။ ဆက်လက်၍ ရခိုင်ရိုးရာ သင်္ကြန်ယိမ်းအကများဖြင့် သီဆိုဖျော်ဖြေပေးကြပြီး ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် နံ့သာသွေး ပြိုင်ဝင်အသင်း တစ်သင်းလျှင် ပြိုင်ပွဲဝင် (၁၂)ဦးစီ ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ဝတ်စားဆင်ယင်မှုနှင့် သပ်ရပ်မှု၊ အသင်း အဖွဲ့၏ လှုပ်ရှားမှု၊  ညီညာမှု၊ သပ်ရပ်မှု၊ နံ့သာသွေးရာတွင် သန့်ရှင်းသပ်ရပ်မှု၊ စည်း စနစ်ကျမှု၊ အချိန်ကိုက်လှုပ်ရှားနိုင်မှု၊ ဟန်ပန်အမှုအရာ စသည့်ဖြင့် အမှတ်ပေးမည်ဖြစ်ကြောင်း နံ့သာသွေးပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းအဖွဲ့ထံမှ သိရသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများကို ဧပြီ ၁၇ ရက်နေ့တွင် ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု စသည့် ဆုများရရှိခဲ့သည့် အသင်းများအား ဆုအသီးသီး ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)