ချမ်းအေးသာစံ ဧပြီ ၁၃
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးစီးမှုဖြင့် မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် မန္တလေး ရတနာပုံဥယျာဉ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းမြို့ရိုးနှင့် ကျုံးရေပြင် အကြားရှိ ရတနာပုံ ဥယျာဉ်မုခ်ဦးတွင် ကျင်းပသည်။
အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်းတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာပုံဥယျာဉ် ကဗျည်းမော်ကွန်းကျောက်စာကို စက်ခလုတ်နှိပ်ဖွင့်ပေးခဲ့သည်။
ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ကဗျည်းမော်ကွန်းကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကာ အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မန္တလေးမြို့တော်ဝန် ဦးကျော်ဆန်း အမှတ်ရစကားပြောကြားကာ ရတနာပုံဥယျာဉ်ဖွင့်ပွဲအမှတ်တရ လက်ဆောင်များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ယင်းဖွင့်ပွဲတွင် မန်းကျုံးရေပြင် ရတနာပုံခေတ်အလှ လှေအလှပြတင်ဆက်မှုနှင့် လှည်းယာဉ်ကြော့ တင်ဆက်မှုများ၊ မင်္ဂလာဆိုင်းဝိုင်းကြီးနှင့် တွဲဖက်ပြီး အကများဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပါဝင်ခဲ့ကြောင်း၊ ရတနာပုံဥယျာဉ်ကို အများပြည်သူများ အပန်းဖြေအနားယူနိုင်စေရန်၊ ကျန်းမာရေးအတွက် နေ့စဉ် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်နိုင်စေရန်နှင့် မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရတနာပုံ မြို့ရိုး၊ ကျုံး၊ နန်းတော် အလှတို့အား ထပ်ဆင့်၍ ပိုမိုတင့်တယ်လှပစေရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထိပ်ထားနိုင်