နေပြည်တော် ဧပြီ ၁၂
တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ (၁၅)ကြိမ် မြောက် စုပေါင်းရဟန်းခံ၊ ရှင်ပြု၊ နားသအလှူမင်္ဂလာကို ဧပြီ ၁၁ ရက်နှင့် ယနေ့တို့တွင် တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမနှင့် ရွှေတြိဂံရိပ်သာကြီး၌ ကျန်းမာရေးဆိုင်ရာလမ်းညွှန်မှုများနှင့်အညီ ကျင်းပရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဦးစိုင်းလုံးဆိုင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှရဟန်းခံ၊ ရှင်သာမဏေ၊ နားသကြမည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ တိုင်းမှူး နှင့်တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့ အသီးသီးမှ ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့်အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကဧပြီ၁၁ရက်တွင် ရှင်လောင်း လှည့်လည်ယာဉ်များဖြင့် ကျိုင်းတုံမြို့အတွင်းရှိ တန်ခိုးကြီးဘုရားပုထိုးစေတီတော်များအား လှည့်လည် ပူဇော်ကြသည်။
ထို့နောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသများအား ဆံချခြင်းမင်္ဂလာကို တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ဆက်လက်ပြုလုပ်ကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊တိုင်းမှူးနှင့် တာဝန်ရှိသူ များ၊ ရဟန်း၊ ရှင်သာမဏေ၊ နားသများက စိန်ပန်းကျောင်းကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တအဂ္ဂဝံသ အမှူးပြုသော ဆရာတော်ကြီးများထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ယင်းနောက် ရဟန်းခံ၊ ရှင်လောင်း၊ နားသကြမည့် ရဟန်း ၁၅၉ ပါး၊ ရှင်သာမဏေ ၅၁ ပါး၊ သီလရှင် ၁၅ ပါး စုစုပေါင်း ၂၂၅ ပါးကို ဆံချကာ သင်္ကန်းစည်းပေးခြင်းနှင့် သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်းများ ဆောင်ရွက်ကြသည်။
ယနေ့တွင် သိမ်ထွက်ရဟန်းသံဃာတော်များအား ရွှေတြိဂံရိပ်သာကြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များက သိမ်ဆွမ်းများ လောင်းလှူ ကြပြီးကျိုင်းယင်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တခေမာစာရ အမှူးပြုသောသံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရားတော်များနာယူဆောက်တည်၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ အလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ အတွက်ရေစက်သွန်းချအမျှဝေခဲ့ကြောင်းနှင့် သံဃာတော်များအား နေဆွမ်းများဆက်ကပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
သတင်းစဉ်