နေပြည်တော် ဧပြီ ၁၀
၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်းရှိ ရေကစားမဏ္ဍပ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
နှုတ်ခွန်းဆက်ပြောကြား
ရှေးဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက အတာ သင်္ကြန် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ထို့နောက် ၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမ အကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဒုတိယဝန်ကြီး ဦးထွန်းအုံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကြွရောက်လာကြသူများ က သပြေခက်ဖြင့် နှစ်သစ်ကူးအတာ ရေစင်ပက်ဖျန်း ပေးကြသည်။
စုပေါင်းဖျော်ဖြေ
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာနများက သာဂူ၊ မုန့်လုံးရေပေါ်၊ ကြာဆံချက်၊ မန်ကျည်းကျောက်ကျော၊ ရွှေရင်အေး၊ ရေခဲမုန့်၊ ကိတ်မုန့်နှင့် မုန့်လက်ဆောင်း စသည့်သင်္ကြန်ရိုးရာ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကြပြီး အနုပညာဦးစီးဌာနမှ အနုပညာရှင်ဝန်ထမ်းများ ယိမ်းအဖွဲ့ကသင်္ကြန် တေးသီချင်းများ၊ ယဉ်ကျေးမှု ယိမ်းအကများ၊ သံချပ်တို့ဖြင့် တပျော်တပါး စုပေါင်းဖျော်ဖြေကြရာ အနုပညာရှင်ဝန်ထမ်း ယိမ်းအဖွဲ့ကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ပါဝင်ဆင်နွှဲ
၂၀၂၂ ခုနှစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ ပထမအကြိမ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စု ဝန်ကြီး ဦးချစ်နိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။
သတင်းစဉ်