ဝါးခယ်မ ဧပြီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် သုံးသီးစိုက် (စပါး၊ ပဲ၊ စပါး) ၆ ဧက စိုက်ပျိုးထားရှိမှုနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီအချိန်တွင် ဝါးခယ်မ မြို့နယ် သဲကုန်း/ ကြာဖြူကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်ကောင်စီဝင် ဖဒိုမန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် တိုင်း /ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများက ဝါးခယ်မမြို့နယ် သဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ်(၁၀၀၃)၊ ဦးပိုင်အမှတ် (၁၇/၂) တောင်သူ ဦးအောင်နိုင်ထွန်း၏ လယ်မြေအတွင်း (၃)သီးစိုက် (လုပ်ကွက်ငယ်)၊ တောင်သူများ (၁) ဧကဝင်ငွေတိုး ရက် (၉၀) စပါးမျိုး (၆)ဧက စံပြစိုက်ခင်းတွင် နေရောင်ခြည်သုံး ဆိုလာစနစ်ဖြင့် ရေတင်ခြင်း၊ မြေဆီလွှာ ဖွံ့ဖြိုးရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်မျိုးစေ့) များအား တောင်သူများလက်ဝယ်အရောက်ပေးအပ်၍ စုပေါင်းကြဲပက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လယ်ယာမြေများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် သစ်စိမ်းမြေဩဇာ၊ ဇီဝမြေဩဇာနှင့် သစ်ဆွေးဓာတ်များရရှိနိုင်ပြီး လယ်ယာမြေအတွင်းရှိ ပေါင်းပင် များကို နှိမ်နင်းနိုင်ကြောင်း၊ ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့် ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ်ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း၊ ပိုက်ဆံလျှော် သီးနှံစိုက်ပျိုးရာတွင် တစ်ဧကလျှင် သစ်စိမ်းမြေဩဇာ (၁၅) တင်းမှ (၂၀)တင်းအထိ ရရှိနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။