နေပြည်တော် ဧပြီ ၈
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ ၏ မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖျန်းခြင်း၊ စတုဒိသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန် တေးသီချင်း အက၊ အလှများဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲ အခမ်းအနားကို ယနေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနရုံးချုပ်များ၌ ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုပွဲကို ပါဝင်ဆင်နွှဲကြသည့် အရာထမ်း၊ အမှုထမ်းများ အားလုံး နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံတာဝန်၊ မိသားစု တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ ဖြစ်ကြပါစေကြောင်း၊ ကပ်ရောဂါ ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးပြီး ချမ်းသာသုခနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများက စတုဒိသာဧည့်ခံ ကျွေးမွေးနေမှုများ၊ သင်္ကြန်တေး သီချင်းများဖြင့် တွဲဖက်၍ ယိမ်းအကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက်နေမှုများကို ကြည့်ရှုအားပေးကြပြီး မြန်မာ့ရိုးရာ ယဉ်ကျေးမှုနှင့်အညီ အောင်သပြေခက်ဖြင့် အတာရေ ပက်ဖျန်းကာ ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း သိရသည်။
သတင်းစဉ်