နေပြည်တော် ဧပြီ ၇
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အမှုဆောင်အရာရှိချုပ်များ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲ၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ H.E. Mr. CHEA Chanto က အဖွင့်အမှာစကားပြောကြားပြီး အာဆီယံဘဏ်များအသင်းဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌ ဒေါ်ခင်စောဦးနှင့် ကမ္ဘောဒီးယားနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားသည်။
ဆက်လက်၍ အာဆီယံဘဏ်များအသင်းမှ “Interoperable Data Framework & ASEAN QR Cross-Border Payments” နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကိုလည်းကောင်း၊ ကမ္ဘော ဒီးယားနိုင်ငံဘဏ်များအသင်းမှ “Digital Conne-ctivity Enhancement across ASEAN Member States”နှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို လည်းကောင်း ရှင်းလင်းတင်ပြကြရာ အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အမှုဆောင်အရာရှိချုပ်များက အကြံပြု ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးသန်းညိန်းက ASEAN Banking Intero-perable Data Framework သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား ဘဏ်လုပ်ငန်းကဏ္ဍ၌ စနစ်ကျပြီး ထိရောက်သော သတင်းအချက်အလက်များ ဖလှယ်မှုကိုဖြစ်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ အဆိုပါမူဘောင်သည် အာဆီယံနိုင်ငံများအကြား ပိုမို၍ လုံခြုံစိတ်ချရပြီး တစ်သမတ်တည်းဖြစ်သော ဘဏ်လုပ်ငန်းဆိုင်ရာ ကိန်းဂဏန်းများနှင့် အချက်အလက်များကို ဖလှယ်နိုင်ရန် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် “Digital Connectivity Enhancement across ASEAN Member States” နှင့် စပ်လျဉ်းသည့် တင်ပြချက်များမှာလည်း COVID-19 ကပ်ရောဂါနှင့် ဆက်စပ်၍ မိမိတို့ လတ်တလော ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ဖြေရှင်းရာတွင် များစွာအထောက်အကူပြုပါကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံတွင် QR Code Payment အကောင်အထည်ဖော်မှုနှင့်စပ်လျဉ်း၍ အနည်းငယ် တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အသုံးပြုမည့် QR Code စံသတ်မှတ်ချက်(Myanmar Standard of QR Code) အကောင်အထည်ဖော်ရန်အတွက် ငွေပေးချေမှုလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေသူ များအပါအဝင် ဖွဲ့စည်းထားသည့် နည်းပညာဆိုင်ရာ ကော်မတီ (Technical Committee) ကို ဖွဲ့စည်း ခဲ့ပါကြောင်း၊ MMQR Specification Version (1.0) အား ထုတ်ပြန်နိုင်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံရှိ ငွေပေး ချေမှုလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် MM QR Standard ကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ QR Code Payment များကို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် Digital Payment Switch အား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် ဒေသတွင်းငွေရေးကြေးရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ကမ္ဘောဒီးယားနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ H.E. Mr. CHEA Chanto က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်