Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များထောင်ထားသည့် လက်လုပ်မိုင်းအား နင်းမိပေါက်ကွဲပြီး အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၂ ဦး စုစုပေါင်း ၅ ဦးသေဆုံး၊ အမျိုးသား ၁ ဦးဒဏ်ရာရ၍ အမျိုးသမီး ၁ ဦး ပျောက်ဆုံး

နေပြည်တော် ဧပြီ ၆

အစွန်းရောက်အကြမ်းဖက် သောင်းကျန်းသူများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ခရီးသွားပြည်သူလူထုများအား ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်၍ တရားဥပဒေစိုးမိုးမှုအား ထိခိုက်ပျက်ပြားစေရန် ရည်ရွယ်၍ အများပြည်သူ သွားလာနေသော လမ်းမကြီးများ၊ လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခြင်း၊ ပစ်ပေါက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ထိုသို့ အကြမ်းဖက်ဖောက်ခွဲရေး လုပ်ရပ်များပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်၊ အထက်စသာကျေးရွာနေ ဦးစိုးရာဇာ (၂၉)နှစ်မောင်းနှင်ပြီး တစ်ရွာတည်းနေ မနွေးနွေးလင်း (၃၀)နှစ်(ဘ) ဦးမောင်အဲ(ခ)ရှောင်၊ မရွှန်းလဲ့ဝေ(၅)နှစ် (ဘ)ဦးစိုးရာဇာ၊ မောင်ရဲရင့်သူ (၇)နှစ်(ဘ) ဦးစိုးရာဇာ၊ မမိုးစန္ဒာမြင့်၊ သလာဘာကျေးရွာနေ ကိုပြည့်ဖြိုးဝေ(၂၄)နှစ် (ဘ)ဦးဇော်ဦးနှင့် မင်းကင်း မြို့နယ်၊ အမှတ်(၂)ရပ်ကွက် နေ ဦးသန်းဝင်းမောင်(၃၀)နှစ် (ဘ)ဦးဝင်းဆွေတို့ လိုက်ပါလာသည့် Honda Fit ယာဉ်သည် ကလေးဝ-ယာကြီးကားလမ်းအတိုင်း မင်းကင်းမြို့မှ ကလေးမြို့သို့ ထွက်ခွာလာစဉ် ဧပြီလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ကလေးဝမြို့နယ်၊ ကလေးဝ-ယာကြီးကားလမ်း မိုင်တိုင်အမှတ် ၁၀၂ မိုင်နှင့် ၁၀၃ မိုင်ကြား သဲကြမ်းကျေးရွာအနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ကိုစိုးရာဇာ၊ ကိုပြည့်ဖြိုးဝေ၊ မနွေးနွေးလင်း၊ မောင်ရဲရင့်သူနှင့် မရွှန်းလဲ့ဝေတို့သည် မိုင်းစထိမှန်ဒဏ်ရာများ ကြောင့်နေရာတွင် သေဆုံးခဲ့ပြီး ဦးသန်းဝင်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ကလေးမြို့နယ်  ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း၊ မမိုးစန္ဒာမြင့်မှာ ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မိုင်းထိမှန်မှုကြောင့် မော်တော်ယာဉ်မှာ ကြေမွပျက်စီးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ အပြစ်မဲ့ခရီးသွားပြည်သူများအား မိုင်းထောင်ဖောက်ခွဲခဲ့သူ အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။