နေပြည်တော် ဧပြီ ၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန် ရောဂါများ စောင့်ကြပ်ကြည့်ရှုရေး ပူးပေါင်း ဆောင်ရွက်မည့် ကိစ္စ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသည်းအစားထိုးခွဲစိတ်ခြင်းများကဲ့သို့သော အဆင့်မြင့် ဆေးပညာပိုင်းဆိုင်ရာ သင်တန်းများ သင်ကြားနိုင်ရေး ပူးပေါင်းဆောင်ရွက်မည့် ကိစ္စ၊ ဆေးပညာရပ်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်စေရေး ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဖြင့် ကမ္ဘာ့ကူးစက်ရောဂါများ ကာကွယ်တားဆီးနှိမ်နင်းရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)