နေပြည်တော် ဧပြီ ၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံဝန်ထမ်းများအကြား နည်းပညာနှင့် အတွေးအခေါ် အသစ်အဆန်းများ ရရှိစေရန်၊ တစ်ဦးချင်း၏ လေ့လာမှတ်သားထားရှိချက်များအား မျှဝေဖလှယ်နိုင်ရန် ကဏ္ဍအလိုက် ခေါင်းစဉ်များသတ်မှတ်၍ လစဉ် စကားဝိုင်းဆွေးနွေးပွဲများအား ကျင်းပခဲ့ရာ အဌမအကြိမ်အဖြစ် ယနေ့ကျင်းပပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို “လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D)” ခေါင်းစဉ်ဖြင့် ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျွမ်းကျင်သူပညာရှင်များက အွန်လိုင်းစနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စကားဝိုင်းဆွေးနွေးပွဲကျင်းပရခြင်းသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းဟု ဆိုနိုင်ကြောင်း၊ နိုင်ငံတကာတွင် အောင်မြင်နေသည့် လုပ်ငန်းများကို လေ့လာကြည့်ပါက သုတေသနအား ကောင်းသည်ကို တွေ့ရှိကြရမည်ဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနတိုင်းတွင် လုပ်ငန်းနှင့် သက်ဆိုင်သည့် သုတေသန လုပ်ငန်းများရှိကြောင်း၊ လက်ရှိဌာနအသီးသီး၏ သုတေသနလုပ်ငန်းများ အတွက် ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုကို တိုးမြှင့် အသုံးပြုနိုင်ရေးနှင့် ပိုမိုကောင်းမွန်သည့် အစီအမံများ ရေးဆွဲဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပုဂ္ဂလိကများနှင့်ပူးပေါင်း ဆောင်ရွက်ရန် လိုကြောင်း၊ ယနေ့ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများအနေဖြင့်လည်း မိမိတို့အချိန်များကို လာရောက် ရင်းနှီးမြုပ်နှံကြခြင်း ဖြစ်၍ ပိုမိုရင်းနှီး ပွင့်လင်းစွာဖြင့် အကျိုးရှိထိရောက်သော စကားဝိုင်း ဆွေးနွေးပွဲဖြစ်စေရေးအတွက် တက်ကြွစွာပါဝင်ဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ထွေးက အစီအစဉ်မှူးအဖြစ် တာဝန်ယူဆောင်ရွက်ပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာမျိုးကျော်သူက ဌာန၏ လက်ရှိဆောင်ရွက်လျက် ရှိသော သုတေသနများနှင့် ဖွံဖြိုးရေးဆိုင်ရာလုပ်ငန်းများ ရလဒ်များ၊ အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ သုတေသန ရလဒ်များနှင့် ဖွံဖြိုးမှုချိတ်ဆက်နေပုံများကိုလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာမှ သုတေသနမှူး ဒေါက်တာပပဝင်းက ဌာနတွင် ဆောင်ရွက်လျက်ရှိသော သုတေသနနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ လုပ်ငန်းဆောင်ရွက်မှုရလဒ်များကို အဖွဲ့အစည်းအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကိုလည်းကောင်း၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်မှ တွဲဖက်ပါမောက္ခ ဒေါက်တာမျိုးဇော်က လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး တက္ကသိုလ် YAU က ဆောင်ရွက်လျက်ရှိသော သုတေသနနှင့် သင်ကြားရေး၊ လူစွမ်းအားအရင်းအမြစ် မွေးထုတ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းရလဒ်များကို အဖွဲအစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးတက္ကသိုလ်၏ သုတေသနအတွက် လိုအပ်ချက်များကိုလည်းကောင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွဲဖက်ပါမောက္ခ ဒေါက်တာထွန်းမြင့်က မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ သုတေသနနှင့် သင်ကြားရေးဌာနများ ဖွဲ့စည်းထားပုံ၊ သုတေသနနှင့် ဖွံဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှုများ၊ ရလဒ်များအား ချိတ်ဆက်ဆောင်ရွက်နေမှု၊ တက္ကသိုလ်၏ သုတေသနနှင့် ဖွံဖြိုးရေးအတွက် လိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြရာ စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနား တက်ရောက်လာသူများနှင့် အွန်လိုင်းမှ တက်ရောက်နေကြသူများက သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းကြရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ပြန်လည်ဖြေကြားဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
(သတင်းစဉ်)