နေပြည်တော် ဧပြီ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီးနေကူးမားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံအတွင်းရှိ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဒေသများရှိ တိုင်းရင်းသားပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ချင်းပြည်နယ်နှင့် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် လမ်းတံတား၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ အကောင်အထည်ဖော် ဆောင်ရွက်နေမှု၏ အောင်မြင်ဖြစ်ထွန်းမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍအသီးသီးတွင် ရှေ့ဆက်လက် ပိုမိုပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့် ဗိုလ်ချုပ်ဖြိုးသန့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)