Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ တက်ရောက်

စစ်တွေ ဧပြီ ၆

၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ မကျည်း ကျေးရွာ၊ မကျည်းကျွန်း မြောက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှင့် ဆရာတော်အရှင်သူမြတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ရမ်းဗြဲမြို့နယ်၊ မကျည်းကျေးရွာ၊ မကျည်းကျွန်းမြောက် ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသာသန  ဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒကထာနာကြားကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၂ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မကျည်းကျေးရွာ၊ မကျည်းကျွန်း မြောက်ဘုန်းတော်ကြီးကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တသာသနအား ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်းအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ပြည်နယ် ဥပဒေချုပ်တို့က ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒန်းပွဲသို့ ကြွရောက် တော်မူကြသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တဣန္ဒပါလ နှင့် သံဃာတော်အရှင် သူမြတ်များအား လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒပါလ မဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော ဧည့်ပရိတ်သတ်များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကျည်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ရောက်ရှိပြီး ကျောင်း အတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)