နေပြည်တော် ဧပြီ ၆
အမျိုးသားစံချိန်စံညွှန်းကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် အမျိုးသားစံချိန်စံညွှန်းကောင်စီ၊ ဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် က ပြောကြားရာတွင် မြန်မာနိုင်ငံ၏ အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်သည့် မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့်အသိအမှတ်ပြုခြင်းဆိုင်ရာလုပ်ငန်းများတွင် အကောင်အထည်ဖော်ဆောင်ရွက် ပြီးစီးမှုအခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အမျိုးသားစံချိန်စံညွှန်း ကောင်စီဝင်များနှင့် ညှိနှိုင်းဆွေးနွေးပြီး ဆုံးဖြတ်ချက်များနှင့် အကြံပြုချက်များရယူနိုင်ရေး ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ထုတ်ကုန်နှင့် သွင်းကုန်နှစ်ရပ်စလုံးတွင် အရည်အသွေး ကိုက်ညီနိုင်စေရန် ရည်ရွယ်၍ ထုတ်ကုန်၊ ထုတ်လုပ်မှုနည်းစဉ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် သက်ဆိုင်ရာစံချိန်စံညွှန်းများ၊ နည်းပညာ ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး အာမခံချက်ပေးနိုင်ရန်၊ ဒေသဆိုင်ရာနှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက်တွင် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများဖယ်ရှားနိုင်ရန်၊ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရရှိရန်တို့အတွက် ထိရောက်မှုရှိသည့် အမျိုးသား အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံစနစ်တစ်ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ထုတ်ကုန်၊ သွင်းကုန်နှင့် ပို့ကုန်အရည်အသွေး ဖွံ့ဖြိုးတိုးတက်စေရေးကို အထောက်အပံ့ ပေးနိုင်သည့် မြန်မာစံချိန် စံညွှန်းများသတ်မှတ်ခြင်း၊ အသိအမှတ်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် မူဝါဒများနှင့် လမ်းညွှန်ချက်များကို ယခုအစည်းအဝေးမှ ဆက်လက်ချမှတ်သွားနိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီအဖွဲ့ဝင်များနှင့် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါအစည်းအဝေးသို့ အမျိုးသားစံချိန်စံညွှန်းကောင်စီဝင်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာစံချိန်စံညွှန်း (၂၅၉)ခုကို အတည်ပြုခြင်း၊ နည်းပညာဆပ်ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း၊ ထုတ်ကုန်များ၊ ထုတ်လုပ်မှုနည်းစဉ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ အရည်အသွေးမြှင့်တင်ပေးနိုင်ရန် အမျိုးသားအရည်အသွေး ထောက်ခံချက် ထုတ်ပေးရေးအဖွဲ့ တည်ထောင်ခြင်း၊ နိုင်ငံတော်အတွက်လိုအပ်သော မြန်မာစံချိန်စံညွှန်းများ သတ်မှတ်ခြင်းနှင့် အသိအမှတ် ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)