Skip to main content

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ဧပြီ ၅

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ”၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကော်မတီဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။

ဆွေးနွေးညှိနှိုင်း အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့်ကိစ္စ ဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော အမျိုးသားပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေစနစ် အကောင်အထည်ဖော်ရေးကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့် ကိစ္စများ၊ ဥပဒေကြမ်းရေးဆွဲရေး၊ ရန်ပုံငွေစနစ် ကျင့်သုံးမည့် ပုံစံတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်ဆွေးနွေး ညှိနှိုင်းကြရန်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပင်စင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲညွန့်က ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းရေးဆွဲပြီးစီးမှုကို ရှင်းလင်းတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များက လိုအပ်သည်များ အကြံပြုဆွေးနွေး တင်ပြခဲ့ကြသည်။ ယင်းနောက် အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌက သုံးသပ်ဆွေးနွေး၍ နိဂုံးချုပ်အမှာ စကားပြောကြားသည်။

ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေးကော်မတီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ် မတ် ၂၄ အမိန့်ကြော်ငြာစာ အမှတ်၊ ၇၁/၂၀၂၁ ဖြင့် ပြင်ဆင်ဖွဲ့စည်းပေးခဲ့ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ သက်ဆိုင်ရာဌာနများမှ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်များလည်း ပါဝင်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်ခံစားခွင့်များနှင့် စပ်လျဉ်း၍ ရေရှည်တည်တံ့ ခိုင်မြဲပြီး အားကိုးအားထားပြုနိုင်သည့် ပင်စင်ရန်ပုံငွေစနစ်တစ်ရပ်ကို ထူထောင်ရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်