နေပြည်တော် ဧပြီ ၅
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာ လှုံ့ဆော်မှုစနစ် ( ASEAN Rapid Alert System for Food and Feed-ARASFF) ဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ASEAN အဖွဲ့ဝင်နိုင်ငံများမှ အိမ်ရှင်နိုင်ငံအဖြစ် အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျ လက်ခံကျင်းပ ဆောင်ရွက်လျက်ရှိရာ အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ့ဆော်မှုစနစ် (၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများကို ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေးများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန္တာကြည်က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြကာ အစားအစာဘေးကင်းရေး ပူးပေါင်းဆောင်ရွက်ရာတွင် အဖွဲ့ဝင်နိုင်ငံများအသီးသီးမှ လုပ်ငန်းရပ်များနှင့် အစားအစာဘေးကင်းရေးဆိုင်ရာ အလျင်အမြန်သတိပေးသည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်