နေပြည်တော် ဧပြီ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧရိယာအတွင်း လယ်ယာသားငါးထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံသော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရန် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သောအားပေး ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်က လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်အတွင်း ဥစားကြက်၊ အသားစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ကြည့်ရှုစစ်ဆေး
အလားတူ လယ်ဝေးမြို့နယ် သဲကောကြီးကျေးရွာ ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးဇုန်သို့ ရောက်ရှိကြပြီး စိုက်ကွင်းများတွင် ဆေးရွက်ကြီး ပိုးသတ်ဆေး၊ တမာပိုးသတ်ဆေး စသည့် သဘာဝပိုးသတ်ဆေးများနှင့် သဘာဝမြေသြဇာများ အသုံးပြု ဆောင်ရွက်နေမှုများ၊ စိုက်ပျိုးရေးအလေ့အကျင့်ကောင်း (GAP)စနစ်ဖြင့် စိုက်ပျိုးထားသည့် ဖူးစားပြောင်း စိုက်ခင်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးသည်။
မွေးမြူရေးဇုန်နှင့် စိုက်ပျိုးရေးဇုန်များအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများကိုတွေ့ဆုံ၍ အစားအစာ ဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများ စနစ်တကျ လိုက်နာကျင့်သုံးရန် လိုအပ်ချက်များ၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့် ထုတ်ကုန်များဖြစ်စေရေးနှင့် တောင်သူတစ်ဦးချင်း၏ ဝင်ငွေအကျိုးအမြတ် တိုးတက်ရရှိရေး၊ ထုတ်လုပ်မှုစရိတ် လျှော့ချနိုင်ရေးနှင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်များဖြစ်စေရေးအတွက် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနယူးဧရာစိုက်ပျိုးရေး ကုမ္ပဏီလီမိတက်၏ မျိုးစေ့ထုတ်စိုက်ကွင်းသို့ရောက်ရှိကြပြီး ကုမ္ပဏီနှင့် မိတ်ဖက်တောင်သူများ ပူးပေါင်း၍ နယူးဧရာ(၁) စပ်မျိုးစပါး ဝတ်မှုန်ကူးခြင်းလုပ်ငန်းများ၊ စပ်မျိုးစပါး မျိုးစေ့ထုတ်လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးလုပ်ကိုင်သူများအားလုံး မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲစိုက်ပျိုးနိုင်ရေးနှင့် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊ အကျိုးတူကန်ထရိုက်လယ်ယာစနစ် ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်