Skip to main content

ကျောင်းသား ကျောင်းသူများနှင့် လူငယ်များကို ဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝပြီး နိုင်ငံအတွက် အားကိုးရမည့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် အသိပညာပေးလုပ်ငန်းများ ဦးစား‌ပေးလုပ်ဆောင်

မန္တလေး ဧပြီ ၅

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ဝိုင်းမော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြစ်ကြီးနားမြို့ ကိုယ်ပွားသတင်းစာတိုက်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် မန္တလေးမြို့ရှိ မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး၊ ခရိုင်ဦးစီးအရာရှိများနှင့် ဝန်ထမ်းများ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စစ်ကိုင်းဇုန်နယ် ထပ်ဆင့်လွှင့်စက်ရုံများ ဇုန်နယ်တာဝန်ခံ၊ မန္တလေးသတင်းဌာနခွဲမှ တာဝန်ခံနှင့် ဝန်ထမ်းများ၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ကိုယ်ပွားသတင်းစာတိုက် (မန္တလေး) တာဝန်ခံတို့နှင့် တွေ့ဆုံသည်။

ကြပ်မတ်ဆောင်ရွက်ရန်

ဧပြီ ၅ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အထက်မြန်မာပြည် ပုံနှိပ်စက်ရုံသို့ရောက်ရှိပြီး ကျောင်းသုံးပုံနှိပ်စာအုပ်များ ရိုက်နှိပ်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ စက်ရုံတာဝန်ခံနှင့် အရာထမ်း၊ အမှုထမ်းများအား တွေ့ဆုံ၍ ပုံနှိပ်အရည်အသွေး ကောင်းမွန်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အောင်မြေသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနှင့် ပြည်သူ့စာကြည့်တိုက်၊ စာပေဗိမာန်စာကြည့်တိုက်နှင့် စာအုပ်အရောင်းဆိုင်တို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှုလုပ်ငန်းများကို စိတ်ကောင်း စေတနာကောင်းဖြင့် ပြည်သူလူထုအကျိုးရှိအောင်၊ ကျေနပ်မှုရှိအောင် ကြိုးစားဆောင်ရွက်ရန် မှာကြားသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများနှင့် လူငယ်များကို ဉာဏ်ပညာနှင့် ဗဟုသုတကြွယ်ဝပြီး နိုင်ငံအတွက် အားကိုးရမည့် ဗလငါးတန်နှင့် ပြည့်ဝသော လူငယ်များဖြစ်အောင် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေးလုပ်ငန်းများကို ဦးစားပေးလုပ်ဆောင်ကြရန်၊ အတွေးအခေါ် အယူအဆ မှန်ကန်ရန်နှင့် ပေးအပ်သောတာဝန်ကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်၊ မကြာမီကျရောက်မည့် သင်္ကြန်ကာလ ရုံးပိတ်ရက်များတွင် ရုံးဌာန၊ စက်ရုံ၊ အလုပ်ရုံများ လုံခြုံရေးနှင့် သတင်းထုတ်ပြန်ရေးကိစ္စများကို လိုအပ်ချက်၊ အားနည်းချက်မရှိအောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားပြီး အရာထမ်း၊ အမှုထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်