နေပြည်တော် ဧပြီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်၌ ခြေလျင်တပ်ရင်းမှူး၊ ခြေလျင်တပ်ခွဲမှူး၊ ခြေလျင်တပ်စုမှူး သင်တန်းသားများအား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ သင်ခန်းစာများအား Video Conferencing ဖြင့် သင်ခန်းစာပို့ချသင်ကြားနေမှု အပါအဝင် အခြားသင်ခန်းစာများ စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများ၊ သင်တန်းခန်းမဆောင်များ၊ ကျောင်းစာကြည့်တိုက်နှင့် ကျောင်းသမိုင်းပြခန်း စသည်တို့အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ထို့နောက် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်၊ ရှင်းလင်းဆောင်၌ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)တို့မှ ကျောင်းအုပ်ကြီးများက သင်တန်းကျောင်း လေ့ကျင့်သင်ကြားပို့ချမှုဆိုင်ရာ ကိစ္စရပ်များနှင့် တပ်တည်ဆောက်ရေး လုပ်ငန်းကြီး(၄)ရပ် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများအား တင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များ မေးမြန်း၍ လေ့ကျင့်သင်ကြားရေး ဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ခြေလျင်တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ တပ်စုမှူး သင်တန်းသား အရာရှိများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သစ္စာ(၄)ချက်ကို နေ့စဉ်သစ္စာပြု၍ ၂၄ နာရီ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားဖြစ်သည်ကို မမေ့မလျော့ သတိပြုရန်လိုကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်၏သစ္စာကို စောင့်သိရန်နှင့် အသက်ခန္ဓာကို စွန့်လွှတ်ရန် သစ္စာဆိုထားသူများဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဦးလည်မသုန် ထမ်းရွက်နေမှုအပေါ် ဂုဏ်ယူနေရန်လိုကြောင်း၊ တပ်မတော်သို့ စတင်ဝင်ရောက်ပြီး နိုင်ငံတော်အလံအား လက်နှင့်ထိ၍ ကတိသစ္စာပြုခဲ့ချိန်မှစတင်ကာ ၂၄ နာရီ အချိန်ပြည့် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ရန် တာဝန်ရှိခဲ့ကြပြီး မိမိနှင့် မိမိတို့၏ မိသားစုဝင်များ၏ စားရေး၊ ဝတ်ရေး၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးမှစ၍ ခံစားနေရမူသည် နိုင်ငံတော်နှင့် တပ်မတော်မှ ထောက်ပံ့မှုများဖြစ်ကြောင်း၊ ထိုထောက်ပံ့ငွေများသည်လည်း မိမိတို့အပါအဝင် ပြည်သူများမှ သတ်မှတ်ထည့်ဝင်ကြရသည့် အခွန်များမှ နိုင်ငံ့ဝန်ထမ်းများအတွက် ပြန်လည်ချီးမြှင့် ထောက်ပံ့ခြင်းဖြစ်၍ နိုင်ငံတော်နှင့် ပြည်သူအပေါ် ကျေးဇူးသစ္စာ စောင့်သိရန်လိုကြောင်း၊ တပ်မတော်အနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလပြဋ္ဌာန်းချက်တို့နှင့်အညီ ပြည်သူကရွေးချယ်ထားသည့် ပါတီစုံဒီမိုကရေစီစနစ်အား တိမ်းစောင်းမှုမရှိစေရေး နိုင်ငံတော်၏တာဝန်ကို ခေတ္တထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်နေရသဖြင့် ခက်ခဲပင်ပန်းမှုများရှိနိုင်၍ နိုင်ငံတော်နှင့် ပြည်သူ၏မျက်နှာကိုကြည့်ကာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဆက်လက်ကြိုးစား လုပ်ကိုင်ကြရန်လိုကြောင်း၊ ထိုသို့နိုင်ငံ့အရေးများကို ကျရာကဏ္ဍမှ တာဝန်ကျေပွန်စွာ ထမ်းဆောင်ရာတွင် သင်ကြားလေ့ကျင့်ပေးသည့် သင်ခန်းစာများကို Professional ကျကျ လက်တွေ့အသုံးချနိုင်သည်အထိ လေ့လာသင်ယူရန်လိုကြောင်း၊ သို့မှသာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံစွာ ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်လုံခြုံရေးကဏ္ဍသည် ကျယ်ပြန့်ပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မျိုးချစ်စိတ်ဓာတ်မှစ၍ အချုပ်အခြာအာဏာအထိ သက်ဆိုင်၍ ပေါ့ပေါ့ဆဆ မလုပ်ရန်လိုကြောင်း၊ ထိုသို့ကြီးလေးသော လုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရန် တပ်မတော်သားများအနေဖြင့် ကျန်းမာကြံ့ခိုင်နေရန်လိုကြောင်း၊ စစ်သည်တိုင်း ကျန်းမာကြံ့ခိုင်ရေးအတွက် အပတ်စဉ် ကျန်းမာရေး၊ အသိပညာပေးမှုများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ တစ်ဖက်တွင်လည်း တာဝန်ကိုယ်စီ ထမ်းဆောင်နေကြရသည့် တပ်မတော်သားများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်ရန် တပ်မတော်သား မိသားစုဝင်များ၏ အုပ်ချုပ်မှု၊ သက်သာချောင်ချိမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း အတတ်နိုင်ဆုံး ပြည့်စုံလုံလောက်စေရန် ကိုယ်ဖိရင်ဖိ ကြပ်မတ်ဖြည့်ဆည်းပေးနေရန်လိုကြောင်း၊ အထက်အောက် အပြန်အလှန် မေတ္တာစိတ်၊ သံယောဇဉ်တရားတို့ဖြင့် နားလည်ယုံကြည်မှုရှိအောင် စေတနာထား ဆောင်ရွက်ကြရန်လိုကြောင်း၊ သို့ဖြစ်၍ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ပါက သင်ကြားပို့ချလိုက်သည့် စစ်ပညာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ပြီး အုပ်ချုပ်မှုကောင်းမွန်သော ခေါင်းဆောင်များအဖြစ် ပေးအပ်သော မည်သည့်တာဝန်မျိုးကိုမဆို ကျေပွန်စွာ ထမ်းဆောင်ကြရန် ပြောကြားသည်။
စားသောက်ဖွယ်ရာများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သင်တန်းသားများနှင့် နည်းပြအရာရှိများအတွက် စားသောက်ဖွယ်ရာများပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ အလားတူ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက သင်တန်းသားများအတွက် အားကစားပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားများကိုယ်စား ဒုတိယကျောင်းအုပ်ကြီးက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ ခြေလျင်တပ်ရင်းမှူး သင်တန်းသား စားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေ့လည်စာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်