နေပြည်တော် ဧပြီ ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဗထူးတပ်နယ်မှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာ၌ သင်ကြားလေ့ကျင့်ပေးနေသည့် နည်းပြအရာရှိများအနေဖြင့် လေ့ကျင့်သင်ကြားပေးသော စစ်ဘက်ဆိုင်ရာ အသိပညာ၊ အတတ်ပညာများကိုလည်း ကိုယ်တိုင်ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန်နှင့် ဖွဲ့စည်းပုံအရ လက်မောင်းအမှတ်တံဆိပ်များ ကွာခြားမှုရှိသော်လည်း သစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆို၍ တူညီသော ဦးတည်ချက်များဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင် ပေးအပ်သည့်အမိန့်နှင့် တာဝန်ကို အကောင်အထည်ဖော်ရာ၌ ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့စည်းရုံးရေးနယ်မြေအလိုက် အေးချမ်းစွာ နေထိုင်လိုကြသည့် တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကိုလည်း ကာကွယ်စောင့်ရှောက် ပေးကြရန်လိုကြောင်း၊ ၎င်းအပြင် မိသားစုဝင်များ၏ စားဝတ်နေရေးနှင့် သွားလာရေး၊ ကျန်းမာရေးနှင့် ပညာရေးတို့ကိုလည်း တာဝန်ရှိသူများက မိသားစုစိတ်ဖြင့် စောင့်ရှောက်ပေးရန်လိုကြောင်း။
ပန်းခင်းစီမံချက်ဆောင်ရွက်လျက်ရှိ
နိုင်ငံတော်၏ ကာကွယ်ရေးမဟာဗျူဟာသည် တပ်မတော်ကို မဏ္ဍိုင်ပြု၍ ပြည်သူတစ်ရပ်လုံးပါဝင်သည့် ပြည်သူ့စစ် မဟာဗျူဟာဖြစ်သဖြင့် ပြည်သူနှင့် တစ်သားတည်းဖြစ်အောင် နေထိုင်ပြုမူကျင့်ကြံသွားရန်လိုကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း အရေးပေါ်ကာလအတွင်း အမျိုးမျိုးသောစိန်ခေါ်မှု၊ ခြိမ်းခြောက်မှု၊ နှောင့်ယှက်မှုများကို အေးချမ်းစွာနေထိုင်လိုသော ပြည်သူများ၊ သစ္စာရှိဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စုပေါင်းညီညာသော စုစည်းညီညွတ်သည့် အင်အားဖြင့် ဖြတ်ကျော်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် ချမှတ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ဖော်ဆောင်လျက်ရှိကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ ဖော်ဆောင်မှုတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် အဓိကဆန္ဒမဲ ပေးခွင့်ရှိသူတိုင်း နိုင်ငံသားစိစစ်ရေးကတ် ရှိစေရေး ပန်းခင်းစီမံချက် ဆောင်ရွက်လျက်ရှိရာတွင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အရေးကြီးလိုအပ်ချက်များကိုလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးရန်လိုကြောင်း။
အလားတူ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံအတွင်း တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် နည်းမျိုးစုံ ဖျက်လိုဖျက်ဆီး လုပ်လိုသည့် အကြမ်းဖက်သမားများ၏ အန္တရာယ်များကိုလည်း လုံခြုံရေးအသိဖြင့် စောင့်ကြည့်ဖော်ထုတ် ရှင်းလင်းနေရန်လိုကြောင်း၊ ၎င်းအပြင် နိုင်ငံတော်အတွက် အနာဂတ် မျိုးဆက်သစ်၊ လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုပေါ်ထွက်လာစေရေးအတွက်လည်း ကျောင်းနေအရွယ် ကလေးတိုင်း အနည်းဆုံး KG+9 အထိ မသင်မနေရ တန်းစဉ်အလိုက် ကူးပြောင်းနိုင်ရေး ရည်မှန်းချက်ထား၍ ဆောင်ရွက်လျက်ရှိကြောင်း၊ KG+9 အောင်မြင်မှသာ Vocational Training မှတဆင့် သက်ဆိုင်ရာ လုပ်ငန်းခွင်များသို့ ကူးပြောင်းလုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ခွင့် ရရှိမှာဖြစ်၍ မိမိတို့မိသားစုများ၏ မှီခိုကလေးများကိုလည်း နိုင်ငံတော်၏ မူဝါဒနှင့်အညီ မဖြစ်မနေ ပညာသင်ကြားနိုင်ရေး သက်ဆိုင်ရာတပ်များမှ တာဝန်ရှိသူအဆင့်ဆင့်က မျက်ခြေမပြတ် ကြည့်ရှုစောင့်ရှောက်၍ အနိမ့်ဆုံးအဆင့်ထိ တန်းစဉ်ကူးပြောင်း မပျက်မကွက် ရောက်ရှိစေရေး ဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။
ကြိုးပမ်းဆောင်ရွက်
တစ်ဖက်ကလည်း နိုင်ငံတော်၏အနာဂတ် လူစွမ်းအားအရင်းအမြစ်(HR) ဖြစ်လာမည့်၊ အနာဂတ်၏ ခေါင်းဆောင်များ၊ လူငယ်လူရွယ်များ၏ တန်းစဉ်ကူးပြောင်းနိုင်ရေး စာမေးပွဲဖြေဆိုမှုအပေါ် ယုတ်မာသော လုပ်ရပ်အဖြစ် အကြမ်းဖက်သမားများက ကျောင်းပတ်ဝန်းကျင် အတွင်း/အပြင်တို့၌ လုံခြုံရေးတပ်ဖွဲ့များ၏ အလစ်အငိုက်တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခြင်း၊ ချိန်ကိုက်မိုင်း၊ အဝေးထိန်းကြီးကြပ်မိုင်းများဖြင့် ဖောက်ခွဲ၍ စာမေးပွဲအခန်းသို့ ကြောက်ရွံ့ပြီး မလာရဲအောင် ခြိမ်းခြောက်အကြမ်းဖက်မှုများကိုလည်း တွေ့နေရကြောင်း၊ အလားတူ ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ကြသည့် မိမိတို့နိုင်ငံအတွင်း သာသနာ့တာဝန် ထမ်းဆောင်နေကြသည့် သံဃာတော်များကိုလည်း အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းများအထိ ဆိုးရွားရက်စက်ယုတ်မာသည့် အကြမ်းဖက်လုပ်ရပ်များသည် မည်သည့်ရည်ရွယ်ချက်ဖြင့် လုပ်နေသည်ကို နားလည်၍မရပါကြောင်း၊ မိမိဆန္ဒနှင့် မကိုက်ညီ၍ မကျေနပ်ပါက အဆိုပါအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ကို တိုက်ရိုက်ရည်ရွယ် တိုက်ခိုက်အကြမ်းဖက်ခြင်းသည် အဓိပ္ပါယ်ရှိကောင်း ရှိမည်ဖြစ်သော်လည်း တရားမဲ့ လက်နက်မဲ့ မသက်ဆိုင်သူများ၊ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို တိုက်ခိုက်ခြင်းသည် လူ့သားမဆန်သော ပြစ်မှုကျူးလွန်မှုပင်ဖြစ်ပါကြောင်း၊ အဆိုပါ တရားမဲ့အကြမ်းဖက်မှုများကို လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတော်အစိုးရ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများနှင့်အတူ လက်တွဲပူးပေါင်း၍ ဆက်လက်ဖယ်ရှား ရှင်းလင်းသွားမည်ဖြစ်ပြီး ပြည်သူများလိုလားသည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။
ပေါင်းစပ်ညှိနှိုင်းဖြေရှင်း
မိမိတို့တပ်မတော်သားများနှင့် မိသားစုဝင်များသည် မည်သည့်အချိန်ကာလတွင်မဆို အရေးကြီးသော နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို တစ်စိတ်တစ်ပိုင်း ပါဝင်ထမ်းဆောင် နေကြရသူများဖြစ်၍ အဆိုပါတာဝန်များကို သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေး တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ကျန်းမာကြံ့ခိုင်စေရန် တစ်ဦးချင်း မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက် သွားရန်လိုကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ ပေးအပ်သည့်တာဝန်များအပေါ် ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏အကျိုး၊ တပ်မတော်၏အကျိုးကို စည်းလုံးညီညွတ်စွာဖြင့် စိန်ခေါ်မှုများနှင့် အခက်အခဲအမျိုးမျိုးတို့အား အောင်မြင်စွာ ရင်ဆိုင်ကျော်လွှား သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်မှ နည်းပြအရာရှိများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ ကျောင်းအုပ်ကြီးက လက်ခံရယူသည်။ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်က မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ ကျောင်းအုပ်ကြီး၏ ဇနီးကလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးက ဒေသထွက်စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လည်းကောင်း လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်