နေပြည်တော် ဧပြီ ၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) နှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ တိကျစွာ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပသည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဝင်းသော်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများ၊ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ် ၄၄ ဘဏ်တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ဒုတိယဥက္ကဋ္ဌက အမိန့်ကြော်ငြာစာနှင့် စပ်လျဉ်း၍ (AD) လိုင်စင်ရဘဏ်များက ဆောင်ရွက်ရမည့် အချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ဘဏ်များမှ မရှင်းလင်းသည့်အချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မူဝါဒဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညွှန်ကြားချက်များ ဆက်လက်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌက ဘဏ်များအနေဖြင့် အမိန့်ကြော်ငြာစာနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိကျစွာ လိုက်နာ ဆောင်ရွက်ရန်နှင့် မလိုလားအပ်သော ကိစ္စရပ်များ၊ ပျက်ကွက်မှုများ၊ ချိုးဖောက်မှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြုဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်