Skip to main content

PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲ

နေပြည်တော် ဧပြီ ၄

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍ တစ်ခုတွင်ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများပြားသည့် ကာလအတွင်း အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များကို ခေတ္တပိတ်ထားခဲ့ရသဖြင့် အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ ပညာရေး နှောင့်နှေးခဲ့ရမှုအပေါ် နိုင်ငံတော် အစိုးရအနေဖြင့် ဘက်ပေါင်းစုံမှ ကုစား ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန အောက်ရှိ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် နှင့် မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံတစ်ဝန်း၌ တပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင်ဖွင့်လှစ်သင်ကြားနိုင်ခဲ့သည်။ ထို့ပြင် အခြေခံပညာရေးမှ အဆင့် မြင့်ပညာရေးသို့ တက်ရောက်ရန် အရေးပါသည့် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘများနှင့် နိုင်ငံတော်အစိုးရတို့က ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝကို ဖျက်လို ဖျက်ဆီးသည့်စိတ်၊ အနာဂတ်နိုင်ငံတော်ဖွံ့ ဖြိုးတိုးတက်ရေးကို နှောင့်ယှက်ဟန့်တားလိုသည့် စိတ်များဖြင့် NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများက အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများဖြင့် နှောင့်ယှက်ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ယင်းသို့ပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ညောင်လွန့်ကျေးရွာရှိ ညောင်လွန့် အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကံပေါက်ကျေးရွာရှိ ကံပေါက်အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လည်းကောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ ဘိုကလေးမြို့ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းအနီး၌ လည်းကောင်း NUG၊ PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်းများဖြင့် နှောင့်ယှက် ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အထက်ပါ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက တာဝန်သိပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေဖော်ထုတ် ချေမှုန်း သုတ်သင်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်း ဖက်အဖွဲ့များ၏ ဝင်ထွက်သွားလာမှု သတင်းရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းပါဝင်ကြရန် သတင်းထုတ်ပြန်အပ်ပါသည်။