နေပြည်တော် ဧပြီ ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ စက်မှုဥယျဉ် မြို့တော်အနီး သရက်ချိုပင်ကျေးရွာအုပ်စုရှိ မြေလွတ်မြေရိုင်းနေရာတွင် အကောင် အထည်ဖော် ဆောင်ရွက်မည့် မွေးမြူရေးဇုန်နှင့် အဆိုပါမွေးမြူရေးဇုံအတွက် လိုအပ်လာမည့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများ၊ တည်ဆောက်လျက်ရှိသည့် လျှိုပိတ်တမံတည်ဆောက်ရေး လုပ်ငန်းများကို စစ်ဆေးခဲ့ကြသည်။
နွား သိုး ဆိတ် မွေးမြူရေးလုပ်ငန်းများ ပါဝင်သော ဧက(၃၀၀၀)ရှိ မွေးမြူရေးဇုန်၏ သောက်သုံးရေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ရေရရှိနိုင်မည့် နည်းလမ်းပေါင်းစုံဖြင့် စီမံဆောင်ရွက်လျက်ရှိရာ ယခုတည် ဆောက်လျက်ရှိသည့် လျှိုပိတ်တမံမှာ တမံအလျား ပေ (၁၂၀၀) ၊ တမံအမြင့် ပေ (၆၀)ရှိ မြေသားတမံ အမျိုးအစားဖြစ်ပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း ၃၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံးကို ယခုနှစ် မိုးမကျမီ အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
လျှိုပိတ်တမံ တည်ဆောက်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများကို ဒေသ၏နှစ်စဉ်မိုးရေရရှိမှု ၊ စီးဝင်ရေပမာဏနှင့် သိုလှောင်နိုင်မှု တို့အရ မြို့သာမွေးမြူရေးဇုန်အတွက် ရေလိုအပ်ချက်ပြည့်မီရန် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍ ပထဝီမြေမျက်နှာ အခြေအနေအရ ရေရှည်အကျိုးရှိနိုင်မည့် နည်းလမ်းကို ဖော်ထုတ်အသုံးချရန် လိုအပ်ကြောင်း၊ အလားတူ ရေချွေတာနိုင်မည့် အသုံးပြုမှုစနစ်များ ထည့်သွင်း စီမံဆောင်ရွက်ရန် လိုကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြို့သာစက်မှုဥယျဉ်မြို့တော် တည်ဆောက်မည့် စီမံကိန်း လုပ်ငန်းဆိုင်ရာများ၊ မြို့သာမွေးမြူရေးဇုန် တည်ဆောက်ရေးလုပ်ငန်းခွင်များကို လှည့်လည် ကြည့်ရှုစစ်ဆေးပြီး ဒေသထွက် ပဲမျိုးစုံအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံသည့် စားသောက်ကုန် ချောထုတ် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ ခေတ်မီ အဆင့်မြင့် ဆီစက် လုပ်ငန်းနှင့် တိရစ္ဆာန်အစာ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် လိုအပ်ချက်များနှင့် ဝန်ကြီးဌာနက ကူညီဆောင်ရွက်ပေးနိုင်မှုကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)