နေပြည်တော် ဧပြီ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ မန္တလေးတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲ စာစစ်ဌာနများသို့ သွားရောက်၍ စတုတ္ထနေ့ ဓာတုဗေဒဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဦးစွာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောင်မြေသာစံမြို့နယ်၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့လည်းကောင်း၊ မဟာအောင်မြေ မြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ လည်းကောင်း သွားရောက်၍ ကျောင်းသား ကျောင်းသူများ ဓာတုဗေဒဘာသာရပ် စာမေးပွဲဖြေဆိုနေမှု များနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူး များနှင့် တာ၀န်ရှိသူများအား မိမိတို့လိုက်နာဆောင်ရွက်ကြရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ စာမေးပွဲဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ စာမေးပွဲဖြေစဉ် ကာလအတွင်း လိုအပ်ချက်များရှိပါက ချက်ချင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် တက္ကသိုလ်၀င်တန်း စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်းကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သက်ဆိုင်ရာ တာဝန်ရှိသူများအား စာစစ်ဌာန ကျောင်းများ၌ လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး လုပ်ငန်းများ ဆောင်ရွက်ထားကြရန်မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်သို့ ရောက်ရှိကာ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဘာသာရပ်များ၊ တန်းခွဲများ အားလုံး မေ (၁၂) ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ ဆရာ ဆရာမများ အနေဖြင့် သင်ကြား သင်ယူမှုများနှင့် သက်ဆိုင်ရာကဏ္ဍများတွင် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြစေလိုကြောင်း၊ သင်ကြားရမည့် ဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်ထားရန် လိုအပ်သကဲ့သို့ ကျောင်းသားများကိုလည်း အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားပေးရာတွင် စာပေပညာတတ်မြောက်အောင် သင်ကြားပေးရုံသာမက စည်းကမ်းရှိအောင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိစေရန်၊ ယဉ်ကျေးလိမ္မာစေရန်၊ မြန်မာ့ယဉ်ကျေးမှုကို မြတ်နိုးတန်ဖိုးထားတတ် စေရန်နှင့် မိဘ၊ ဆရာများအပေါ် ရိုသေလေးစား တန်ဖိုးထားတတ်စေရန် သင်ကြားပေးကြစေလိုကြောင်း။
သုတေသနဖွံ့ဖြိုးရေးအတွက် စာအုပ်စာတမ်းများ၊ WiFi ၊ Internet နှင့် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သုတေသန Grant များ ချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေသင်ကြားရာတွင် မည်သည့်ကျောင်းသားကိုမျှ ဖိနှိပ်ချုပ်ချယ်မှု၊ ဘက်လိုက်မှုမရှိစေဘဲ တန်းတူညီမျှသည့် ပညာသင်ယူမှု အခွင့်အလမ်းရရှိအောင် သင်ကြားပေးကြစေလိုကြောင်း၊ ပညာရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆရာ ဆရာမများ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ဆရာ ဆရာမများက သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေး ဖြေကြားပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)