Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် အတားအဆီးမဲ့သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) အကောင်အထည်ဖော်ရေးအတွက် နယ်ရုံးခွဲ တာဝန်ခံများနှင့် တွေ့ဆုံ

နေပြည်တော် ဧပြီ ၄

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် သည် ယနေ့နံနက်ပိုင်းတွင် အတားအဆီးမဲ့သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများကို ဝန်ကြီးဌာန နီလာခန်းမ၌ ဗွီဒီယို ကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းမှာ ဝန်ဆောင်မှုပေးရသော လုပ်ငန်းဖြစ်ပြီး လူတို့၏ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် လှုပ်ရှားသွားလာမှုများအပေါ် အခြေခံကာ ခရီးသွားလုပ်ငန်း အမျိုးအစားများစွာ သတ်မှတ်ဖော်ထုတ်လျက်ရှိပါကြောင်း၊ အလားတူ ခရီးသွား ဧည့်သည် အမျိုးအစားများတွင်လည်း ခရီးသွားလာရန် အခက်အခဲရှိသည့် မသန်စွမ်းသူများ ပါဝင်သွားလာ လည်ပတ်နေလျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်စာရင်းများအရ ကမ္ဘာပေါ်တွင် မသန်စွမ်းသူဦးရေ(၁) ဘီလီယံကျော်ရှိပြီး မြန်မာနိုင်ငံတွင်လည်း ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေမှာ (၂ ဒသမ ၄) သန်းရှိသည်ကို သိရှိရပါကြောင်း၊ သို့ဖြစ်ရာ ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းသော ခရီးသွားဧည့်သည်များ ခရီးစဉ်ဒေသများသို့ သွားလာ လည်ပတ်ရာတွင် တည်းခိုနေထိုင်ရေးကအစ အဆင်ပြေလွယ်ကူ ချောမွေ့စေသော ခရီးသွား ဝန်းကျင်ကောင်းများကို ဖန်တီးဖော်ဆောင်ပေးသွားရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မသန်စွမ်းခရီးသွားဧည့်သည်များအတွက် အတားအဆီးဟုဆိုရာတွင် ယေဘုယျအားဖြင့် ပို့ဆောင်ရေးဆိုင်ရာ အတားအဆီးများ၊ ဗိသုကာဆိုင်ရာ အတားအဆီးများ၊ အဆောက်အဦဆိုင်ရာ အတားအဆီးများဟု ခွဲခြားသတ်မှတ်ထားရှိပါကြောင်း၊ မသန်စွမ်းသူများအနေဖြင့် ထိုအတားအဆီး များကို အတတ်နိုင်ဆုံး လွယ်ကူချောမွေ့စွာ ဖြတ်ကျော်ပြီး သွားလာနေထိုင်နိုင်ရန် ယခု အစည်းအဝေးတွင် နယ်ရုံးခွဲများအနေနှင့် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ခရီးစဉ်ဒေသများအလိုက် အတားအဆီးမဲ့ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် လွယ်ကူချောမွေ့စွာ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Accessible Tourism) တွင် လုပ်ဆောင်သင့်သော အချက်များ ရေးဆွဲထုတ်ပြန်ထားရှိသည့်အပြင် ဝန်ကြီးဌာနက ရေးဆွဲထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းတွင်လည်း ခရီးသွားလုပ်ငန်း၌ ကိုယ်အင်္ဂါမသန်စွမ်းသူများအား အထောက်အကူ ဖြစ်စေရေးနည်းလမ်းများကို ထည့်သွင်းရေးဆွဲ ထားသောကြောင့် ထိရောက်သော အကောင်အထည်ဖော်မှုများ လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အွန်လိုင်းမှ တက်ရောက်လာကြသော နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရုံးခွဲတာဝန်ခံများက မသန်စွမ်းခရီးသွားဧည့်သည်များအတွက် အတားအဆီးမဲ့ သွားလာနိုင်သော ခရီးသွားလုပ်ငန်း (Barrier Free Tourism) ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ခရီးသွားဧည့်သည်များ လည်ပတ်သောနေရာများ၊ လေဆိပ်များ၊ ဟိုတယ်/မိုတယ်များနှင့် ခရီးစဉ်ဒေသများအလိုက် မသန်စွမ်းခရီးသည်များ အဆင်ပြေ ချောမွေ့စွာ သွားလာတည်းခိုလည်ပတ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများ၊  ဦးစားပေးဆောင်ရွက်မည့် အစီအစဉ်များကို ကဏ္ဍအလိုက် တင်ပြကြပြီး ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေး တင်ပြကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)