နေပြည်တော် ဧပြီ ၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး (ဗဟို)သို့ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ပေးအပ်ပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံး(ဗဟို)မှ ယာယီဥက္ကဋ္ဌ ဦးမိုးကျော်သန့်၊ ဦးတင်ဝင်းနှင့် ဦးလှစိုးတို့ တက်ရောက်ကြသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားဆိုင်ရာ အခက်အခဲများကို အတိုင်းအတာတစ်ခုထိ ပြေလည်မှုရရှိစေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ရှေ့လုပ်ငန်းစဉ် ၅ ရပ်တွင် ထည့်သွင်းချမှတ်ကာ လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရှိ ပန်းချီပန်းပုပညာရှင်များ အနေဖြင့် ပြပွဲများ ခင်းကျင်းပြသနိုင်မှုမရှိသည့်အတွက် မြန်မာနိုင်ငံပန်းချီပန်းပု အစည်းအရုံးဝင် ပညာရှင်များ ကိုဗစ်ကာလအတွင်း နေထိုင်စားသောက်မှု အခက်အခဲများမှ အတိုင်းအတာတစ်ခုအထိ ပြေလျော့စေနိုင်ရန် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အညီ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို)ကို ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းနိုင်ခဲ့ခြင်း အတွက် မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးဝင်များ အတိုင်းအတာတစ်ခုအထိ အဆင်ပြေ ချောမွေ့စွာ ရပ်တည်နေထိုင်နိုင်ပြီး မိမိတို့မြတ်နိုးသည့် ပန်းချီပန်းပုအနုပညာရပ်များဖြင့် နိုင်ငံအကျိုး၊ လူမျိုးအကျိုး၊ ပန်းချီပန်းပုပညာရပ်များ၏ အကျိုးကို ဆထက်တိုး၍ ထမ်းဆောင်နိုင်ကြစေရန် ဆုတောင်းမေတ္တာပို့သပါကြောင်း၊ ပန်းချီပန်းပုအစည်းအရုံးကြီး တိုးတက်ဖွံ့ဖြိုးရေးအတွက် လိုအပ်သော အကူအညီများကို ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)သို့ ထောက်ပံ့လှူဒါန်းငွေ သိန်း ၃၀၀ (ကျပ် သိန်းသုံးရာ တိတိ) ပေးအပ်ရာ မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ ပန်းချီပန်းပုအစည်းအရုံး(ဗဟို)မှ ယာယီဥက္ကဋ္ဌ ဦးမိုးကျော်သန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)