နေပြည်တော် ဧပြီ ၃
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လေဆိပ်ကုန်လှောင်ရုံ တာဝန်ကျအကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားခြင်းမရှိသော တရားမဝင် လုပ်ငန်းသုံးစက်ပစ္စည်းများ၊ အိမ်သုံးလျှပ်စစ် ပစ္စည်းများနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၃၈၂,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာစက်မှုဆိပ်ကမ်းကုန်သေတ္တာ စစ်ဆေးရေးစခန်း၌ ဆိပ်ကမ်းတာဝန်ကျ အကောက်ခွန်အဖွဲ့မှ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန် ကြေညာလွှာ (ID) နှင့် ကိုက်ညီမှုမရှိသော တရားမဝင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မော်တော်ကား လေကာမှန်များနှင့် အဝတ်အထည်များ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅၁,၉၀၀,၀၀၀) ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဧပြီ ၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဗန်းမောက်မြို့နယ်အတွင်း တရားမဝင် ကျွန်းခွဲသား(၂ ဒသမ ၄၁၁၈) တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၂၃,၃၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ သည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်း တရားမဝင် ကျွန်းသစ် (၄၃ ဒသမ ၁၁၆၀) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅,၉၂၉,၆၀၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်ပါ၍ ဧပြီ ၁ ရက်နှင့် ၃ ရက်များတွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၀ မှု၊ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၀,၉၃၄,၉၀၀) ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်