နေပြည်တော် ဧပြီ ၃
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက ၂၀၂၂ ခုနှစ်တွင် ဆက်ကပ်လှူဒါန်းပူဇော်သည့် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို ရရှိ တော်မူသော ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်တည်ထောင် သူနှင့် ဒုတိယပါမောက္ခချုပ် ချမ်းမြေ့ဂုဏ်ဝေ သီလရှင်စာသင်တိုက်ကြီးများ၏ အဓိပတိ ပဓာန နာယကဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား ဂုဏ်ပြုပူဇော်ခြင်းဂုဏဝိသိဋ္ဌ ပူဇာမင်္ဂလာကို ယနေ့ ညနေပိုင်းတွင် အဆိုပါ သီလရှင်စာသင်တိုက်၌ ပြုလုပ်ရာ ပင့်ဖိတ်ထားသော သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ဦးစွာ သီလရှင်ဆရာကြီး၊ ဆရာလေးများနှင့် ဧည့်ပရိသတ်များက သတ်မှတ်နေရာများ၌ နေရာ ယူကြပြီး သံဃာတော်များအား ပင့်ဆောင်ကြသည်။ ထို့နောက် ဂုဏ်ပြုအပူဇော်ခံဆရာကြီး ဒေါက်တာ ဒေါ်ဆေကဝတီအား အပူဇော်ခံမည့်နေရာသို့ ပင့်ဆောင်ရာ တေးသံရှင်များက အပူဇော်ခံတေး ဖြင့် ဂုဏ်ပြုပူဇော်ကြသည်။ ထို့နောက် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် မဟာဝိနယာလင်္ကာရကျောင်း တိုက် ပဓာနနာယက၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တဝိနယာ လင်္ကာရထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဆရာကြီး ဒေါက်တာဒေါ်ဆေက ဝတီ၏ အတ္ထုပ္ပတ္တိဂုဏ်ရည်ပြ မင်္ဂလာရတုပိုဒ်စုံကို တေးသံရှင်များက သီကျူးပူဇော်ကြပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာကြီးအား ဘွဲ့တံဆိပ်တော်ကို ထပ်ဆင့်ဆက်ကပ် လှူဒါန်းပြီး အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တိုင်းမှူးက ဂုဏ်ပြုဝမ်းမြောက် စကားလျှောက်ထားပြီး တက်ရောက်လာကြသူများ နှင့်အတူ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပိဋကတ် သုံးပုံနိကာယ်စာသင်တိုက်၏ ပဓာနနာယက သုတဗုဒ္ဓ မော်ကျွန်းဆရာတော် ပါဠိပါရဂူ တိပိဋကဓရ တိပိဋကကောဝိဒ တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက ရွှေရတုတိပိဋက ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသထံမှ ဩဝါဒကထာနာယူ၍ ရေစက်သွန်းချ အမျှပေးဝေ ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်