Skip to main content

ဒုတိယဝန်ကြီး ဦးရဲတင့် မြစ်ကြီးနားမြို့၌ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ

မြစ်ကြီးနား  ဧပြီ   ၃

ပြန်ကြားရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီး  ဦးရဲတင့်သည်  ပြည်နယ်စီးပွားရေးရာဝန်ကြီး   ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး  ဦးတိန့် ဆောင်တို့နှင့်အတူ  ယနေ့နံနက် ပိုင်းတွင် မြစ်ကြီးနားမြို့ရှိ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံသို့  ရောက်ရှိပြီး ကချင် ပြည်နယ်အတွင်း ရုပ်သံထပ်ဆင့် ထုတ်လွှင့်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (တိုင်းရင်းသားဘာသာ) အစီအစဉ် အတွက် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင်   မြစ်ကြီးနားခရိုင်ပြန်ကြားရေးနှင့်    ပြည်သူ့ဆက်ဆံရေးဦးစီးဌာန    လူထုအခြေပြုဗဟိုဌာနသို့ ရောက်ရှိပြီး ဌာန လုပ်ငန်း များဆောင်ရွက်နေမှု၊  Community Centre  လုပ်ငန်းများ  ဆောင်ရွက်နေမှု၊  စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေး စင်တာအတွင်း အားကစားလေ့ကျင့်ရေး  ပစ္စည်း များဖြင့်   ဝန်ဆောင်ပေးထားမှု တို့ကို  ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက်  အစည်းအဝေးခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန  ပြည်နယ် ဦးစီးမှူးနှင့် မြစ်ကြီးနားခရိုင်ရုံး၊ ဝိုင်းမော် မြို့နယ်ရုံး၊  တနိုင်းမြို့နယ် ရုံး၊ ချီဖွေမြို့နယ်ရုံး၊ ဆဒုံးမြို့ရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့် လွှင့်စက်ရုံ ဇုန်နယ်မှူးနှင့် မိုးကောင်း၊ ဆဒုံး၊ ကန်ပိုက်တီတို့မှ စက်ရုံမှူးများ၊  ရုပ်ရှင်ဌာနခွဲနှင့် တိုင်းရင်းသားလူမျိုးများ  ရုပ်သံလိုင်း  မြစ်ကြီးနားသတင်းဌာနခွဲတို့မှ  အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ညှိနှိုင်းပေါင်းစပ် တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံ၏ အခြေအနေမှန်ကို ရှင်းလင်းစွာသိရှိနားလည်ပြီး နိုင်ငံ့ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ  ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ပေးအပ်လာသော တာဝန်ကိုကျေပွန်စွာထမ်းဆောင် ကြရေး လူငယ်လူရွယ် များအား အတွေးအခေါ် မှန်ကန်မှုရှိစေရေး၊ ပညာပြည့်ဝသည့် လူငယ်များဖြစ် စေရေး၊  အနာဂတ်ခေါင်းဆောင် များအဖြစ်  ပေါ်ထွန်းလာ စေရေးအတွက် ပညာပေးရန်၊ အသိပညာ ပေးရန်ဆိုသည့်  ပြည်သူ့ဆက်ဆံ ရေးလုပ်ငန်းဖြင့်    ပြုစုပျိုးထောင်ပေးရေး၊ ဝန်ထမ်းများ ကိုယ်တိုင် စာပေဖတ်ရှုလေ့လာပြီး  အတွေး အခေါ်၊    အသိပညာ  ဗဟုသုတ တိုးပွားအောင်   ဆောင်ရွက်ကြရေးတို့ကို မှာကြားပြီး ပြည်နယ် ဦးစီးမှူး၊ ထပ်ဆင့်လွှင့်စက်ရုံ တာဝန်ခံများနှင့်  ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)